လောင်းလုံဘုတ်ကျွန်းဆီသို့်

ရေး –  ကိုငြမ်း (တောင်သာ)

ထားဝယ်မြို့မှ သဘော့ဆိပ်ရွာသို့ 

1

အမှတ် ၃ ငှက်သိုက်ကျွန်းမှ ဇီဝစိုးငှက်လေးများ ခိုအောင်းကာ အသိုက်ပြုလုပ်သည့် လှိုင်ခေါင်းအနီးသို ချဉ်းကပ်နေစဉ်။ (ဓါတ်ပုံ သက်ဇော်နိုင် )

ကျွန်တော်တို့ကားလေးဟာ ထားဝယ်နဲ့ ကမြောကင်းကို ဆက်သွယ်ထားတဲ့ ထားဝယ်မြစ်ကူးတံတား အဆုံးရောက်တာနဲ့ ဂျပန်စစ်ဝတ်စုံ၊ ဂျပန်ကင်တိုဒါးရှည်ကို ခါးမှာ ချိတ်ထားတဲ့ ဗိုလ်မှုးဗထူး ကျောက်ရုပ် ကို တွေ့လိုက်ရတယ်။ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ် ” လေးသွင်းခံရွာ” ဇာတိ၊ ထားဝယ်သားစစ်စစ်။ သူဟာ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်မှာ ငှက်ဖျားနဲ့ကွယ်လွန်ခဲ့သူဖြစ်တယ်။ ကမြောကင်းရွာကိုဖြတ်၊ တောင် ကုန်းပေါ်ကိုကွေ့ကာဝိုက်ကာတက်လိုက်တယ်။ ဒီနေရာတောင်ကုန်းပေါ်က နေပြီးမောင်းမကန်ရွာနဲ့နောက်ခံ ပင်လယ်ပြာပြာကိုမြင်ရတဲ့ ရှု့ရပ်စခန်း(View Point) နေရာဖြစ်ပါတယ်။ မကြာခင် မောင်းမကန်ရွာမထဲကိုမဝင် တော့ဘဲလက်ဝဲဘက် လမ်းခွဲကနေပြီး ကျောက်ဆင်ရွာကိုဖြတ်ပီး ခရီးဆက်ခဲ့ကြတယ်။

လှိုင်းလေငြိမ်သက်နိုင်ပါတယ်ဟု မနေ့က ကြားရတဲ့သတင်းမှန်ကန်တာကို သဘော့ဆိပ်ရွာကမ်းနား ရောက်မှ အတည်ပြုနိုင်ခဲ့သည်။သပေါ့ဆိပ်ရွာဆိုသည်မှာထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မောင်းမကန် ကမ်း ခြေရဲ့ တောင်ဘက်မှာရှိတဲ့ ကမ်းရိုးတန်းကရွာကြီးဖြစပီး ရေလုပ်ငန်းအဓိကလုပ်ကိုင်ကြပါတယ်။ သောင်ပြင်မှာ ပင်လယ်ငါးဒိုင်တွေနဲ့ ငါးရောင်းသူ၊ ဝယ်သူ၊ ကမ်းစပ်ကငါးဖမ်းစက်လှေတွေ။ အသိသာဆုံး သတိပြုမိစေတာက စူးစူးရှရှနံနေတဲ့ ငါးညှီအနံ့တွေဘဲဖြစ်သည်။ စီးရမယ့်ငါးဖမ်းစက်လှေကြီးက ကမ်းစပ်မှမနီးမဝေးမှာ ကျောက်ချ ထားတယ်။ အဲဒီကိုရောက်ဘို့ လှေငယ်လေးက အဖွဲ့ဝင်တွေနဲ့ ဝန်စည်တွေ ရိက္ခာတွေကို ပို့ပေးခဲ့ရသည်။ လှေ ကြီးပေါ်မှာတော့ သက်ကယ်ဗေါတွေအဖြစ် ငါးဖမ်းပိုက်က ဖေါ့တွေကိုအတွဲလိုက်စုစည်း ချည်ထားတာရသည်။

သဘော့ဆိပ် မှ လောင်းလုံးဘုတ်ကျွန်းသို့

လူစုံတော့မှ ငါးဖမ်းစက်လှေကြီးဟာ အနောက်ဘက်အရပ် ကောင်းကင်ပြာပြာအောက်က ရေပြာပြာ ပေါ်မှာ ညို့ညို့မှိုင်းမှိုင်း ကျွန်းတန်းရှည်လေးဆီရှိရာကို  ဦးတည်မောင်းလိုက်တော့သည်။ အဲဒါက လောင်းလုံး ဘုတ်ကျွန်းဖြစ်ပါသည်။ အချိန်က နံနက် ၈ နာရီ ၃၀ မိနစ်ရှိနေပါပြီ။ ကနေ့ ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၁၄ ဒီနေမှဘဲ လေပြင်းတိုက်နေလို့ ၂ ကြိမ်တိုင်တိုင်ရွှေ့ခဲ့ရတဲ့လေ့လာရေးခရီးကဒီနေ့မှစနိုင်ခဲ့တော့သည်။ အဖွဲ့ခေါင်းဆောင် တွေဖြစ်တဲ့ ဦးစိုးတင့် လက်ထောက်ညွှန်ကြားရေးမှုး၊ သစ်တောဦးစီး ဦးသန်းမြင့် Country Director(WCS) နဲ့ ဦးစိုးသန့် ဦးစီး အရာရှိ ငါးလုပ်ငန်းဦးစီး၊ ဒေသခံ ကိုထွန်းသိန်းတို့ဟာ မော့စကော့ကျွန်းမြေပုံတွေကြည့်ပြီးလုပ် မယ့်အစီအစဉ်တွေကို တိုင်ပင်နေ ကြ တယ်။ ကိုသက်ဇော်နိုင်ဦးဆောင်တဲ့ငှက်ကြည့်အဖွဲ့က လှေဦးပိုင်းမှာမှန် ဘီလူးကိုယ်စီနဲ့နေရာယူထားကြပြီးဖြစ်ပါတယ်။

အခုမှဘဲ ပြည်သူ့ပုလဲနှင့်ငါးလုပ်ငန်းကော်ပိုရေးရှင်းရဲ့တာဝန်ပေးချက်အရ Samutparakan Crocodile Farm ယိုးဒယားနိုင်ငံကဝယ်တဲ့ မိကျောင်းအကောင်(၁၄၀) ကို အောင်မင်္ဂလာငါးဖမ်းစက်လှေနဲ့ ကော့သောင်း မြို့ကိုသွားပို့တော့ ဖြတ်သွားခဲ့ရတဲ့ ကျွန်းတန်းရှည်လေးတွေဆိုတာမြင်နေရတဲ့ မောင်းမကန်ဘုတ်နဲ့လောင်းလုံး ဘုတ် ဆိုတာသိလိုက်ရပါတော့တယ်။ ကြာခဲ့ပါပြီ၊ ၁၉၈၄ ခုနှစ်ပါ။

” ဟိုးမှာကြည့်စမ်း မောင်းမကန်….၊ ဟိုမှာ မျှော်ရစ်ဘုရား ၊ ဟေ့ အဲဒါ မောင်းမကန်ဘုတ်ကျွန်း မဟုတ် လား ပဲ့နင်းကြီး၊ ဟိန်းဇဲဘုတ်ကျွန်းပါနော်….အခုတည့်တည့်မြင်နေရတာက လောင်းလုံးဘုတ်ကျွန်းဟဲ့” စကား ပြောသံတွေက လှိုင်းနဲ့လှေဝမ်းတို့ရိုက်တဲ့အသံတွေနဲ့အတူရောထွေးနေတယ်။ ကျနော်ကတော့ ထားဝယ်မြို့ သားငှက်ထိန်းသိမ်း ရေးဖွဲ့(WCS)က သွေးချင်းလေးတွေဖြစ်တဲ့ မွန်၊ ကရင်၊ ထားဝယ်လူမျိုး ဝန်ထမ်းငယ် လေး တွေရဲ့ သူတို့သိလိုလို့မေးတဲ့အသံတွေကို ဓါတ်ပုံရိုက်နေရင်းက နားစွင့်နေမိတယ်။ ဒီခရီးမှာ စာဖတ်သူတွေအ တွက် ဘယ်လိုသတင်းတွေကျနော်ပေးရမလဲဆိုတာလဲတွေးနေမိပါတယ်။ သူတို့ လက်ညှိုးညွှန်နေတဲ့နေရာတွေ ကိုလိုက်ကြည့်လိုက်တယ်။ ဟိုး အဝေးက ငွေသား ရောင်ဖြူလွှလွှ မောင်းမကန် ကမ်းခြေ။ မောင်းမ ကန်လား၊ မောင်း မကန်လား၊ မောင်မကန် လား၊ မောင် မကန်လား။( စာတည်း ခင်ဗျား ” မောင်းမကန် ” ကို ချဲပီး ရေးသားထားပါတယ်။ အဓိပ္ပါယ်ခြားနားပါတယ်။)

ပင်လယ်ထဲက လောင်းလုံးဘုတ်ကျွန်းဘက်ဆီကို ထိုးထွက်နေတဲ့ ခပ်နိမ့်နိမ့် တောင် ကုန်း အငူလေး ပေါ်မှာတည်ထားတဲ့ဘုရားကို ” မျှော်ရစ် ” တဲ့။ မှော်ရစ်ရွာနဲ့ ဘယ်လိုဆက်စပ်လဲ။ ရေလုပ်သား နဲ့ချစ်သူတို့ရဲ့ မရိုးနိုင်တဲ့ ချစ်ဇာတ်လမ်း၊ အချစ်ဘဝ စာမျက်နှာတွေရှိခဲ့လေလား။ ချစ်ရဲ့သင်္ကေတအမှတ်လက္ခဏာလေးတွေ များရှိနေရော့ထင့်။ ” မျှော်ရစ်ဘုရား ” တည်နေဟန်က ကျိုက္ခမီရေလည်ဘုရားလိုပါဘဲ။

ကျနော်က သဘော့ဆိပ်နဲ့ လောင်းလုံးဘုတ်ကျွန်းက ဘယ်လောက်ဝေးသလဲ ပဲ့နင်းကြီး။

ဗျာ ၊ ဗျာ ၊ ဘယ်လောက်။ ထားဝယ်စကားနဲ့ဖြေတာမို့လို့ ကျနော်နားမလည်။ သူက သူဘေးမှာရှိတဲ့ ရေ မိုင်အကွာအဝေးပြ Global Positioning System ကရိယာကို လက်ညှိုးထိုးပြရင်း ဖြေးဖြေးပြောမှဘဲ ကျနော် နားလည်သွားတယ်။ ထားဝယ်သားတွေနဲ့စကားပြောတိုင်း ကျနော်က နထိုင်း(နားထိုင်း) တဲ့လူတစ်ယေက်လို ဖြစ်သွားရတာကလည်းခဏ ခဏ။ နားမလည်လို့ကြောင်တောင်တောင်နဲ့ ခဏခဏပြန်မေး မေးနေရသကိုး။ ဗမာစကားပြောနေ မှန်းသိရက်နဲ့ ဘာပြောတွေနေမှန်းကို မခန့်မှန်းနိုင်ဘူး၊ နားကိုမလည်ဘူး။ သူတို့ကလည်း ဂံသားမှန်းသိရက်နဲ့၊ တရပ်တ ကျေးကမှန်းသိရက်သားနဲ့။ နားလည်အောင်မပြောကြ။ နားထိုင်းတစ်ယောက်လို အင် အဲ ဖြစ်နေတာကို သူတို့သဘောကျနေသလားမှ မသိ။

အော် အော် ရေမိုင် ၁၀ မိုင် ရှိသကိုး။

ကိုစိုးသန့် ရေ ငါးဖမ်းလှေတွေ မတွေ့ရပါ့လား။ ရာသီဥတုကောင်းရက်သားနဲ့။

ကျနော်တို့အဖွဲ့လာမယ်ဆိုတာကြိုတင်သိနေလို့ ရှောင်နေကြတယ်ထင်တယ်ဟု ဦးမြင့်နီက လှမ်း ပြောရင်း ပြုံးစေ့စေ့လုပ်နေတော့သည်။ ပဲနင်းကြီးနဲ့ သစ်တောဦးစီးက ကိုကျောှ်ရှိန်တို့လည်း ပြုံးဖြဲဖြဲလုပ်နေ တော့တယ်။

မော့စကော့ကျွန်း (Moscos Island)

2

လှိုင်းခေါင်း အပေါ်ရှိ ကျောက်ဂူပေါ်တွင် သစ်ပင်များထူထဲစွာပေါက်ရောက်နေ သည်ကို တွေ့မြင်ရစဉ်။(ဓါတ်ပုံ ဝင်းကိုကို)

ကျနော်တို့ဆိုတာက သစ်တောဦးစီး၊ ငါးလုပ်ငန်းဦးစီးနဲ့ သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS) တို့ပူး ပေါင်းပြီး မော့စကော့ကျွန်း (Moscos Island) ကို လေ့လာရေးခရီးထွက်ခဲ့ အဖွဲ့ဖြစ်ပါတယ်။ အဓိက ကတော့ မော့စ်ကော့ကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရဲ့လက်ရှိအခြေအနေကိုသိရအောင်ထွက်လာခဲ့တဲ့ ပဏာမ ရှေ့ပြေး ခရီးဖြစ်ပါတယ်။ ကျနော်ကတော့  မော့စ်ကော့ ကျွန်း (Moscos Island) ဆိုတာ တနင်္သာရီတိုင်းဒေသ ကြီးမှာရှိတယ်၊ မော့စကော ကျွန်းဟာ  ၁-၁၁-၁၉၂၇ ရက်စွဲပါအမိန့် ကြေငြာအရ သစ်တောဦးစီးရဲ့ စီမံကွပ်ကဲ မှုအောက်မှာရှိ ဆိုတာလောက်ပဲ အကြမ်းဖျင်းသိခဲ့တာ။ အဲဒီကျွန်းမှာ မြောက် ဘက်ကနေပီးတောင်ဘက်ကို အတန်းလိုက်ရှိနေတဲ့ အဓိကကျွန်းတန်းရှည်ကြီး ၃ ကျွန်းရှိဆိုတာ အခုမှဘဲ သိရပါတယ်။ အဲဒီကျွန်းတွေက ဟိန်းဇဲရွာ၊ ဟိန်းဇဲချောင်းအနောက်ဘက် ပင်လယ်ပြင်ထဲမှကျွန်းကို ဟိန်းဇဲ ဘုတ်ကျွန်း(Hein ze Bok Island) (သတ္ထုမိုင်း)၊ မောင်းမကန်ရွာရဲ့အနောက်ဘက်ပင် လယ်ပြင်ထဲမှကျွန်းကို မောင်းမကန် ဘုတ်ကျွန်း(Maug Ma Kan Bok Island)နဲ့ လောင်းလုံးမြို့အနောက်ဘက်မှ ကျွန်းကို လောင်း လုံးဘုတ်ကျွန်း(Longlone Bok Island)လို့ နာမည်အသီးသီးပေးခဲ့ကြတယ်လို့သိရတယ်။ အဲဒီကျွန်း ၃ ကျွန်းစလုံး ကိုကျနော်တို့သွားရမှာဖြစ် တယ်။

မြိတ်ကျွန်းစုက အင်္ဂလိပ်နာမည်ပေးထားတဲ့ ကျွန်းတော်တော်များများကို မြန်မာမှုပြုပြီးဖြစ်ပေမယ့် Moscos Island ကို အင်္ဂလိပ်စာလုံး အတိုင်းဘာလိုများဆက်သုံးနေသေးလဲမသိ။ Moscos Island ကို နောက် လူတွေ မြန်မာမှုပြုရအောင်ရှေ့က လူတွေချန်ထားရစ်ခဲ့လေရော့လား။ သေချာတာကမေ့ကျန်နေတာဖြစ်မယ်။ ” ထားဝယ်ကျွန်းတန်းရှည် “လို့နာမည်ပေးခြင်ပေး။ တကျွန်းစီကို အခုရှိနေတဲ့နာမည် အတိုင်း ဟိန်းဇဲဘုတ်ကျွန်း၊ မောင်းမကန်ဘုတ်ကျွန်း၊ လောင်းလုံးဘုတ်ကျွန်းလိုဘဲဆက်ထား။ ထင်ရှားတဲ့ထားဝယ်သားများရှိရင်လဲ အမည် ပေးစရာတွေရှိကြမှာပါ။ ရှိရင်ပေးနိုင်ပါတယ်။

” ဟိုမှာ ဟိုမှာ အတောင်ပံတွေနဲ့ လှေကြီး ဟေ့ ” လှေဦးပိုင်းက ငှက်အဖွဲ့က လှမ်းအော် ပြောသံ ကြား လိုက် တယ်။ ငါးလုပ်ငန်းဦးစီးက အရာရှိ ၂ ဦးခေါင်းထောင်ကြည့်နေတယ်။ အတောင်ပံဖြန့်ကားပီး နေပူစာလှုံ နေတဲ့ ဒင်ကြီးငှက်တကောင်လိုပါဘဲ။ ကင်းမွန်တို့ ပြေကြီးငါးတို့ကို ညပိုင်းမှာ မီးထွန်းပီးဖမ်းတဲ့ လှေကြီးဖြစ်ပါ လို့ ကိုစိုးသန့်ကရှင်းပြသည်။ လှေကြီးရဲ့တဖက်တချက်က အတောင်ပံလိုဖြစ်နေတဲ့ တိုင်တွေ၊တန်းတွေမှာ မီး လုံးတွေအစီအရီချိတ်ထားတာတွေ့လိုက်ရတယ်။ ကျနော်တို့လှေကြီး သူတို့လှေအနီးကပ်သွားတော့ သူတို့အ လျှင် အမြန်စက်ကုန်ဖွင့်မောင်းပြေးသွားတော့တယ်။

 

 အထက်ဘုတ်ကျွန်းမှသည် ငှက်သိုက်ကျွန်းအမှတ်(၃)ဆီသို့

လောင်းလုံးဘုတ်ကျွန်းမှာ အထက်ဘုတ် နဲ့အောက်ဘုတ်ရှိတာမို့ ဦးစိုးတင့်နဲ့ ဦးစိုးသန့်တို့ဟာ မြေပုံ ကိုယ်စီကိုင်တွယ်ပီးတိုင်ပင်ရင်း အထက်ဘုတ်အနောက်ဘက်ကနေကျွန်းကိုပတ်ဘို့ဆုံးဖြတ်လိုက်တာမို့ ဦး ထွန်းသိန်းက ပဲ့နင်းကြီးကို ဆက်လက်သတင်းပို့လိုက်တယ်။ ဒီကနေ့နောက်ဆုံးဦးတည်ချက်က လောင်းလုံး ဘုတ်အောက် ကျွန်းက ပင်လယ်လိပ်ထိန်းသိမ်းရေးစခန်းမှာ ညအိပ်ရပ်နားမှာဖြစ်ပါတယ်။ အထက်ဘုတ် ကျွန်းနားကပ်လာတော့ ငါးဖမ်းစက်လှေ ၅ စီးကျောက်ချရပ်ထားတာတွေ့ရတယ်။ အဲဒီအချိန်မှာ ကျနော်တို့ လှေကြီးနဲ့အတူပါလာတဲ့လှေငယ်လေးဟာ ရိက္ခာရှာဘို့ကျွန်းဘက်ဆီကိုထွက်သွားတော့တယ်။ ကျနော်တို့ လှေကြီးက အထက်ဘုတ်ကျွန်းရဲ့အနောက်ဘက်ကနေ အောက်ဘုတ်မှာ  ကျနော်တိုစခန်းချရပ်နားမှာဖြစ်လို့ ဆက်လက်မောင်းခဲ့တယ်။

ပင်လယ်ဒီရေအတက်အကျရှိတဲ့နေရာက ကျောက်ဆောင်တွေနေရာကလွဲပီး သစ်တောတွေက စိမ်း စိမ်းစိုစိုနဲ့ ထူထူထဲထဲရှိနေတာတွေ့ရတယ်။ ဘယ်လိုသစ်အမျိုးအစားတွေ၊ ဘယ်လို ဘယဆေးပင်တွေနဲ့ ဘယ် လိုသတ္တဝါတွေရှိတယ်ဆိုတာ စာရင်းကောက်ယူထားသင့်တယ်။ ကျွန်းနဲ့ ဘော့လုံးကွင်း တစ်ကွင်းစာလောက် အကွာအစေးမှာ ငါးဖမ်းလှေ ၅ စီးကျောက်ချရပ်နားထားတာတွေ့ရတယ်။ ဓါတ်ပုံရိုက်ပေးဘို့ ဦးစိုးသန့် အကူ အညီတောင်းလာတယ်။ လောင်းလုံမြို့နယ် ငါးလုပ်ငန်းဦးစီးအနေနဲ့ ဋ္ဌာနပိုင်စက်လှေမရှိလို့ ပင်လယ်ပြင်ကို ဘယ်နဲ့လုပ်ပီးကြည့်ကြပ်နိုင်မလဲလေ။ စက်လှေသို့ မဟုတ် သင်္ဘောရှိဦးထားတော့၊ သေနတ်ရှိဘို့လိုသေး တယ်။ လက်နက်နဲ့ သင်္ဘောရှိတဲ့ တပ်မတော်(ရေ) လိုမျိုးမှ ထိန်းနိုင်မှာ။ ကမ်းဝေးလှေတွေက ကမ်းနီးကို ငါး ဝင်ဖမ်းလို့ ဖြစ်နေတဲ့ပြသနာတွေက မယ်ဘုတ်ကဲ့သူချည်မျှင်၊ ရှင်းမနိုင်။

လောင်းလုံဘုတ်ကျွန်း ငှက်သိုက်ဆွတ်သည့် နေရာအမှတ်(၃)

အထက်ဘုတ်ကျွန်းအဆုံးကိုကျနော်တို့ လှေကြီးဖြတ်သန်းခဲ့ပြီ။ ဦးစိုးတင့်က နေမဝင်မီအောက်ဘုတ် ကျွန်းရဲ့ အနောက်ဘက်အခြမ်းမှာရှိတဲ့ စခန်းချမယ့်နေရာဖြစ်တဲ့ ပင်လယ်လိပ်ထိန်းသိမ်းရေးစခန်း(ငါးလုပ် ငန်းဦးစီး) ကိုရောက်နိုင်တာမို့ ငှက်သိုက်ကျွန်း အမှတ်(၃)ကိုလည်းဝင်ကြည့်ရအောင်လို့ အောက်ဘုတ်ကျွန်းကို အရှေ့ဘက်ခြမ်းကပတ်ခိုင်းလိုက်တယ်။ မကြာခင် အထက်ဘုတ်ကျွန်း နဲ့အောက်ဘုတ်ကြားမှာ ငှက်သိုက်ဆွတ် သည့် နေရာအမှတ်(၃)ကျွန်းကိုရောက်ပါတော့တယ်။ ဇီဝဇိုးငှက်လေးတွေ ငှက်သိုက်လုပ်တဲ့ ဂူပေါက်ကြီးရှေ့မ လှမ်းမကမ်းမှာ ကျောက်ချရပ်နားလိုက်ပါတယ်။ သဘော့ဆိပ်ရွာမှ ရေမိုင် ၁၀ မိုင်သို့ရောက်ခဲ့ပြီ။ ဇီဝဇိုးငှက်လေး တွေဟာ သူ့အန်ဖတ်နဲ့ အသိုက်လုပ်တဲ့ ငှက်က လေးတွေ။ ငှက်အံဖတ်ကို ဆေးဘက်ဝင်တယ်ဟုအယူအဆ ရှိတဲ့ သူတွေက အားဆေးအဖြစ်သုံးကြတာဟုဆို။ စကားပြောကြရင်း နေ့လည်စာကို ထားဝယ်လူမျိုးတွေဖြစ်ကြ တဲ့ စားဖိုမှုကြီး မဋ္ဌေးဝင်း နဲ့လှေသားတွေစုပေါင်းချက်ထားတဲ့ ပင်လယ်ဟင်းလျာတွေစားကြတော့တယ်။

နေ့လည်စာ စားကြနေစဉ်မှာပင် လောင်းလုံးမြို့နယ်၊ သစ်တောဦးစီးဋ္ဌာ၊ ဦးစီးဋ္ဌာနမှုး ဦးမြင့်ဇော်နဲ့ လက် ညွှန် ဦးစိုးတင့်တို့ ဒူးတိုက်ဆွေးနွေးကြပြန်တယ်။ ဦးမြင့်ဇော်က ဦးစိုးတင့်သို့ မော့စကော့ကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၏ လက်ရှိမြေအသုံးချမှုကွင်းဆင်းစစ်ဆေးခြင်း အစီရင်ခံစာကို  ဓါတ်ပုံများဖြင့်တင်ပြဆွေးနွေးကြ တော့တယ်။ ငှက်သိုက်ဆွတ်ခူးလို့ရတဲ့ အခုအမှတ်(၃)ကျွန်းက ၁၄၁ ဧကကျယ်ပီး သစ်တောဦးစီးလက် အောက်မှာဘဲရှိနေသေးတယ်ဆိုတာရယ်၊ လောင်းလုံးဘုတ်ကျွန်းတကျွန်းလုံးစုစုပေါင်းအကျယ်အဝန်းက ၅၁၂၅ ဧကဖြစ်သည်။ ငှက်သိုက်ထွက်တဲ့ အ မှတ် (၃) ကျွန်း ဧက ၁၄၁ ကို ဖယ်ထုတ်လိုက်ရင် ၄၉၈၄ ဧက ကျန်ပါ တယ်။ အဲဒီ ၄၉၈၄ ဧက ကို မောရဝတီရေတပ်စ ခန်းသို့ တပ်ပိုင်မြေအဖြစ် ၁၉၉၉ ခုနှစ်တွင်လွှဲပေးပြီးဖြစ် တယ် ဆိုတာသိခွင့်ရလိုက်ပါတယ်။ အဲသလိုဆိုရင် မောင်းမကန်ဘုတ်ကျွန်း နဲ့ ဟိန်းဇဲဘုတ်ကျွန်းတို့ရဲ့အခြေအနေက ဘယ်လိုရှိလဲ။ တဆက်တည်း လောင်းလုံဘုတ်ကျွန်းပေါ်က ပင်လယ်လိပ်ထိန်းသိမ်းရေးစခန်းဆိုတာကရော ငါး လုပ်ငန်းဦးစီးက ဆိုင်မှဆိုင်ရဲ့လား လို့ ကိုယ့်ဖါသာကိုယ်မေးနေမိတယ်။ နောက်ပီး သူတို့ပြောစကားတွေထဲက ဘုတ်ကျွန်း( Bok Island )ဆိုတဲ့ ဝေါဟာရက ကျနော့်ကို ဒုက္ခပေးနေတယ်။ ဘုတ်ဆိုတာ ထားဝယ်ဝေါဟာရ လား။

အမှတ်(၃)ကျွန်း ကျောက်ဂူဝဆီသို့

ဒေသခံ ဦးထွန်းသိန်းဦးဆောင်ပီး ဦးစိုးတင့်၊ ဦးသန်းမြင့်၊ ဦုးမြင့်နီ၊ ဦးကျော်ရှိန်၊ နော်မေလေးသန့်နဲ့ လှေ သားတစ်ဦးနဲ့ ကျနော်တို့တစ်တွေလှေငယ်လေးပေါ်တက်ပီး ကျောက်ဂူဝဆီကိုအနီးကပ်သွားခဲ့တယ်။ လှိုင်းလေ ငြိမ်နေလို့လဲသွားဖြစ်ခဲ့တာပါ။ ကျောက်ဂူထဲကို ရေတွေဝင်တဲ့ အသံနဲ့ ညှီစို့စို့အနံ့က တော်တော်ဆိုးဆိုးဝါးဝါး ပါဘဲ။ လှိုင်းလေ ပြင်းထန်လာမယ်ဆိုရင် ကျနော်တို့လှေငယ်လေး အဲဒီလှိုင်ခေါင်းထဲလျောကနဲဝင်သွားမှာ အ သေအချာပါဘဲ။ ဒီလှိုင်ခေါင်းထဲကို လက်ပစ်ကူးဝင်ပီး ကျောက်ကမ်းပါးယံတွေကိုတက်ပီး လှိုင်ခေါင်းထဲမှာ ဇီဝ ဇိုးငှက်လေးတွေရဲ့အံဖတ်ကိုခွာယူရတဲ့အလုပ်က သိပ်ကြမ်းတမ်းပီးသိပ်စွန့်စားလွန်းရပါတကား။ ဝမ်းရေး ….. ဝမ်းရေး။ ဖါးကန့်မှာ ရေမဆေးကျောက်ရှာတဲ့သူတွေလောက် အန္တရာယ်မများ ပါဘူးလို့သူတို့ပြော လိမ့်မယ် ထင်တယ်။ တကယ်တော့ ဒီအမှတ် ၃ ဟာ ငှက်သိုက်မထွက်တော့ဘူးလို့ ဦးသိန်းထွန်းရှင်းပြတယ်။

အကြောင်းရင်းက လှိုင်ခေါင်းအထက်က တောင်ကုန်းမှာ သစ်ပင်တွေထူထပ်လာလို့တဲ့။ အဲဒီသစ်ပင် တွေ ပေါ်ကနေပီး အသားစားငှက်ကြီးတွေ၊ သိမ်းငှက်လိုအကောင်မျိုးတွေက ချောင်းနေပီး ဇီဝဇိုးငှက် လေးတွေ ကို သတ်ဖြတ်စားသောက်လို့တဲ့။ သစ်ပင်မပေါက်တဲ့နေရာတွေဖြစ်တဲ့ ကျောက်ဂူတွေမှာဘဲ သူတို့အသိုက်လုပ် နေကြ၊ မျိုးပွားကြတာဟု ဒေသခံတွေကရှင်းပြပါသည်။ သူတို့လေးတွေရှင်သန်ဘို့နဲ့ ငှက်သိုက်ရဘို့ တောင်ကုန်း ပေါ်က အပင်တွေအပြောင်ရှင်းပစ်ရလိုဖြစ်နေဘီ။ ခိုင်လုံတဲ့အကြောင်းပြချက်တွေဖြစ်ပါတယ်။ မောင်းမကန် ဘုတ်ကျွန်းက ငှက်သိုက်ကျွန်း (၄)ကျွန်းကို အနီးကပ်တွေမြင်ရတော့မှ သူတို့ရှင်းလင်းချက်တွေက မှန်ကန်ပါ လားလို့ဆိုတာ လက်တွေ့သိလိုက်ရတယ်။

ပင်လယ်ထိန်းသိမ်းရေးစခန်းသို့

နေ့လည် ၂ နာရီခန့်မှာ စက်လှေကြီးဟာ လောင်းလုံ အထက်ဘုတ်ကျွန်းရဲ့အနောက် ဘက်ခြမ်းမှာ ရှိ တဲ့ ငါးလုပ်ငန်းဦးစီး၊ ပင်လယ်လိပ်ထိန်းသိမ်းရေးစခန်းကို အထက်ဘုတ်ကျွန်းရဲ့အရှေ့ဘက် ကနေပီး ကျွန်းကို လက်ယျာရစ်ပတ်ခဲ့တယ်။ နောက်ခံကတောင်ကုန်းကို ကျောပေးထားတဲ့ မြန်မာ က္ခရာ စာလုံး ”  ဂ ငယ်” ပုံစံ နေရာအရွယ်အစားမျိုစုံဖြစ်တဲ့ သဲပလောက်အော်၊ ကမာတောင်၊ ငရုပ်ကောင်းအော်၊ ညောင်ပင်ယိုင်အော်၊ လိပ် သောင်ကြီး၊ အုန်းပင်သောင်တွေဖြစ်တယ်။ အားလုံးဟာ ဖြူလွှလွှ သဲသောင်ခုံတွေပါ၊ အရွယ်အစားအစုံပါ ဘဲ လေ။ အဲဒါတွေကို ထားဝယ်မှာတော့” အော် ” လို့ခေါ်ပြီး ရခိုင်ပြည်နယ်မှာဆိုရင်” ချိုင် ” လို့ခေါ်တယ်။ အရှေ့ ဘက်ခြမ်းက အခုလို ဖြူလွှလွှသောင်ခုံတွေမှာ အခုတော့ ပင်လယ်လိပ်တက်တာမကြားမိဟု ကိုစိုးသန့် ပြော သည်။ အရင်တုံးကတော့ လိပ်သောင်ကြီးအော် မှာဆိုရင် တော်တော်လေးတက်သတဲ့။ သောင်ခုံ လေး တွေ ရှိတဲ့နေရာရဲ့နောက်ခံက တောင်တွေကာထားတာမို့ အနောက်တောင်မုတ်သုံလေလာရင်ဘဲဖြစ်ဖြစ် ရာသီ ဥ တုဆိုဝါးရင်ဖြစ်ဖြစ် သဘောင်္တွေ လှိုင်းခို၊လေခို လို့ကောင်းတဲ့နေရာတွေဖြစ်နေတော့ လိပ်တွေလာဥဘို့ အခြေ အနေမပေးတော့ဘူး။ အနောက်ဘက်ခြမ်းကတော့ မိုးတွင်းဆိုရင်လှိုင်းထန်၊လေထန် ဘယ်လိုမှနေလို့ထိုင်လို့ မကောင်း တဲ့နေရာ။ ကျနော်တို့ ညအိပ်စခန်းချမဲ့ အနောက်ဘက်ခြမ်းတနေရာမှာဘဲ လိပ်တက်တဲ့သောင်ရှိ တော့တာ။ လှိုင်းတွေ၊ လေ တွေကြမ်းတဲ့နေရာ။ကျနော်တို့ လှေကြီးဟာ ထောက်နန်းစခန်းရဲ့မလှမ်းမကမ်းမှာ စက်ရှိန်သတ်လိုက်တယ်။ ကျောက်ကြို့း မချတော့။ ရေအောက်ထဲမှာ ငါးနဲ့ ကျောက်ခက် ကျောက်မှော်တွေကို အတိုင်းသားမြင်နေရတယ်။ လှပလိုက်တဲ့ ပင်လယ် ကမ်းစပ်နေရာတခုပါဘဲ။ အားလုံးရဲ့မျက်လုံးအစုံဟာ ပင် လယ်ရေအောက်ဆီကို။ ကျနော်တို့ ဆက်လက်ထွက်ခွာခဲ့တယ်။

ညနေစောင်း နေရောင်ခြည်ဟာ ဖြာကျနေတာကြောင့်မို့ ကျွန်းပေါ်က အစိမ်းရောင်သစ်တောနဲ့ နောက ခံက အပြာရောင်မိုးကောင်းကင်၊ ပင်လယ်ပြင်ပေါ်ကို ထိုးကျလာတဲ့နေရောင်ခြည်နဲ့ လှိုင်းတို့ ထိတွေ့ပီး ပြိုးပြိုး ပျက်ဖြစ်နေတဲ့ ရေပြင်။ မြင်ကွင်းတွေဟာ အားလုံးအတွက် အသစ်အဆန်းတွေချည်းဖြစ်နေလိမ့်မယ်။ လှိုင်းနဲနဲ ကြီးလာတယ်။ ဘေးကလို်က်လာတဲ့ လှေငယ်လေးဆိုတာ တော်တော်လေးလှိုင်းဒဏ်ခံနေရတယ်။ ကျနော်တို့ လှေကြီးပေါ်ကို တခါတခါ လှိုင်းရေတွေလာစဉ်တဲ့အထိဖြစ်လာတယ်။ မွန်မလေး ချိုချိုဆင့် တစ်ယောက်က တော့လှိုင်းမူးလို့ ခွေခွေလေး မှိန်းနေရှာလေရဲ့။ ကျောက်ကမ်းပါးယံကြီးတွေအတော်များတဲ့နေရာဖြစ်ပါတယ်။ လှိုင်းဒဏ်၊လေဒဏ်ခံရတဲနေရာလဲဖြစ်နေတယ်။

ဟိုးမှာဟေ့ …..ဟိုးမှာဟေ့…..ကျောက်ကမ်းပါးယံနဲ့ ရေစပ်မှာ….၊ ကိုသက်ဇော်နိုင်အော်ပြောလိုက်တဲ့ အသံ။ အားလုံးမျက်လုံးအစုံဟာ ကျောက်ကမ်းယံအောက်က ရေစပ်ကိုကြည့်လိုက်ကြတယ်။ဘာများပါလိမ့်။

ဘာလဲ…..ဘာလဲ …..မမြင်ရဘူး။  နော်သဉ္ဇာလွင် ရဲ့တုံ့ပြန်တဲ့အသံ။

အမျိုးတွေ အမျိုးတွေ….မျောက်…. မျောက်….မျောက်တံငါ ၊ ကိုသက်ဇော်နိုင် ဟာ သူ့ကင်မရာ နဲ့အမိအရမှတ်တမ်းတင်ရင်းအော် ပြောနေတယ်။ စောလိုဒိုထူးနဲ့ ပြည်ဖြိုးအောင်တို့က မှန်ဘီလူးကိုယ်စီနဲ့ သဲကြီးမဲကြီး ကြည့်နေလေရဲ့။

မျောက်တံငါကို ကျမစိတ်ဝင်စားတယ်၊ သိပ္ပံနာမည် Macaca fascicularis  အင်္ဂလိပ်လို Long- tailed Macaque လို့ခေါ်တယ်။ အဲ အဲ ဒီကောင် ခရုကို ကျောက်ခဲနဲ့ ထုခွဲနေတာဖြစ်မယ်။ အခွံထဲက ခရုဆံအသား စားဘို့လေလို့ နော်မေလေးသန့် ကမှန်ဘီလူးနဲ့ကြည့်ရင်းရှင်းပြနေပါတော့တယ်။

ညနေ ၄ နာရီ ၃၀ မှာ ပင်လယ်ထိန်းသိမ်းရေးစခန်းရှေ့ကကမ်းစပ်ကိုရောက်ပါတယ်။ ကမ်းစပ်မှာ လူ တစ်ယောက်ရပ်ပီးကျနော်တို့ဘက်ကိုလှမ်းကြည့်နေတယ်။ သူဟာပင်လယ်လိပ်ထိန်းသိမ်းရေးစခန်းက တစ်ဦး တည်းသောဝန်ထမ်းဦးစစ်အေးဘဲဖြစ်မှာသေချာပါသည်။ သူ့ဆီကသိလိုတာတွေမေးရဦးပေတော့မည်။ ကျ နော်တို့လှေကြီးကမ်းစပ်ကိုကပ်လို့မရ။ လှေငယ်လေးဆီပြောင်းစီးပီးဆင်းခဲ့ရတော့သည်။

ဒီစခန်းမှာတစ်ညတာနားနေပီး မောင်းမကန်ဘုတ်ဆီသို့ခရီးဆက်ရပေဦးမည်။

ရွှင်လန်းချမ်းမြေ့ပါစေ။

ကိုငြမ်း (တောင်သာ)

(ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဂျာနယ် ၊ဖေဖေါ်ဝါရီလ(၂၀၁၆)ထုတ်တွင် ကလောင်နာမည် ကိုငြမ်း(တောင်သာ)ဆောင်းပါးကို ဆောင်ပါးရှင်၏ခွင့်ပြုချက်အရ ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။)

By | 2017-05-19T09:58:10+00:00 December 7th, 2016|Uncategorized|0 Comments

About the Author:

Leave a Reply