ကမ္ဘာ့ကျားထိန်းသိမ်းရေးနေ့ (International Tiger Day)

ကျားများကို မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်များ (Endangred species) အဖြစ် သတ်မှတ်ထားကြသည်။ အဘယ့်ကြောင့်ဆိုသော် တစ်ကမ္ဘာလုံးရှိ အရွယ်ရောက်ပြီး (မျိုးပွားနိုင်သော) ကျားအရေအတွက်သည် လက်ရှိတွင် အကောင်ရေ (၂၅၀၀)ထက် လျော့နည်းနေသောကြောင့် ဖြစ်သည်။ ကျားများ၏ နေရင်းဒေသ (၄၂) ခုတွင် မျိုးပွားနိုင်သော ကျားကောင်ရေစုစုပေါင်း (၂၁၅၄)ကောင်သာ ကျန်ရှိတော့သည်ဟု ခန့်မှန်းချက်များအရ သိရှိရသည်။ (နေရင်းဒေသဟု ခေါ်ဆိုရာ၌ ၎င်းဒေသတွင် လက်ရှိကျားများနေထိုင်ကျက်စားနေပြီး မျိုးပွားနိုင်သော သက်သေအထောက်အထားများ ရှိရမည်၊ ခန့်မှန်းခြေ မျိုးပွားနိုင်သော ကျားမ (၂၅)ကောင်ကျော်ရှိရန်လိုအပ်ပြီး ကာကွယ်ထားခြင်းခံရပါမည်၊ ၎င်းအပြင် မျိုးပွားနိုင်သော ကျားမအကောင်ရေ (၅၀)ကျော်ကို ထောက်ပံ့ပေးနိုင်သော ဆက်စပ်မြေအကျယ်အ၀န်းရှိရန်လည်း လိုအပ်ပါသည်။ မှတ်ချက်- နေရင်းဒေသ (၄၂)ခုတွင် လာအိုနှင့် ထိုင်းနိုင်ငံတို့ရှိ စားကျက်မြေနှစ်ခုမှာ ဆုံးရှုံးပြီးဖြစ်ပါသည်။

ကျားများကျက်စားသောနယ်မြေဟု သတ်မှတ်နိုင်ရန် ကျားကောင်ရေ များနိုင်သမျှ များများရှိရန်နှင့် မျိုးပွားနိုင်သော အရွယ်ရောက်ပြီးကျားမများ၏ ရှင်သန်မှုနှုန်း မြင့်မားရန် အဓိကလိုအပ်ပါသည်။ ကျားများကျက်စားသော နယ်မြေများကို ကောင်းစွာကာကွယ်ထားခြင်းဖြင့် အခြားစားကျက်များသို့ ပြောင်းရွှေ့ကျက်စားခြင်းနှင့် နှစ်စဉ် သေဆုံးမှုတို့ကြောင့် အကောင်ရေလျော့ကျမှုများကို ပြန်လည်ဖြည့်တင်းနိုင်သော်လည်း သီအိုရီများအရ အရွယ်ရောက်ပြီး ကျားမများ၏ နှစ်စဉ်သေဆုံးမှုသည် ၁၅ ရာခိုင်နှုန်းထက်ကျော်ခဲ့လျှင် ကျားများမျိုးသုဉ်းပျောက်ကွယ်သွားပေလိမ့်မည်။ မကြာသေးခင်နှစ်များအတွင်း သဘာဝထိန်းသိမ်းရေးနယ်မြေများပြင်ပတွင် ကျားကောင်ရေ သိသိသာသာ လျော့နည်းလာခဲ့သည် ဟုလည်းသိရှိရသည်။ လက်ရှိ နေရင်းဒေသများတွင်ရှိသော ခန့်မှန်းကျားကောင်ရေသည် လွန်ခဲ့သော (၁၄)နှစ်ခန့်ကပင် (၂၀) ရာခိုင်နှုန်းကျော် လျော့ကျပြီးဖြစ်ပေသည်။ ဤနှုန်းအတိုင်း ဆက်လက်လျော့ကျသွားပါက နေရင်းဒေသအားလုံးသည် နဂိုရှိခဲ့သည့်အနေအထားအတိုင်း မည်သည့်အခါတွင်မှ ပြန်ဖြစ်လာနိုင်တော့မည် မဟုတ်ပါ။

တစ်ကမ္ဘာလုံးတွင် အာရှ၌သာ ကျားများကျင်လည်ကျက်စားကြပါသည်။ ကျားမျိုးစိတ် (၉)မျိုးရှိသည့်အနက် လက်ရှိတွင် (၆)မျိုးသာ ကျန်ရှိပါသည်။ ၎င်းတို့မှာ-

(၁) အမ်မာကျား (P. t. altica)

(၂) မြောက်ပိုင်းအင်ဒိုချိုင်းနားကျား (P. t. corbetti)

(၃) မလေးကျား (P. t. jacksoni)

(၄) စူမားတြားကျား (P. t. sumatrae)

(၅) ဘင်္ဂလားကျား (P. t. tigris) နှင့်

(၆) တောင်တရုတ်ကျား (P. t. amoyensis) တို့ ဖြစ်ကြပါသည်။

၂၀၀၆ ခုနှစ်တွင် နိုင်ငံပေါင်း (၁၃)နိုင်ငံ၌ ကျားရှိသည်ဟု ယုံကြည်ထားခဲ့ကြသော်လည်း ယခုအခါ မျိုးပွားနိုင်သောအနေအထားရှိသည့် ကျားများကို နိုင်ငံ (၈)နိုင်ငံတွင်သာ တွေ့ရှိရတော့သည်။ ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ နီပေါ၊ ရုရှားနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြပါသည်။ (၂၀၀၉)ခုနှစ်နှင့် (၂၀၁၄) ခုနှစ်ကြားတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၌ ကျားများမျိုးပွားနိုင်သည့် သက်သေအထောက်အထားများ တွေ့ရပြီး အိမ်နီးချင်းနိုင်ငံများမှ ပြောင်းရွှေ့ကျက်စားလာသည်ဟု ယူဆထားကြပါသည်။ မြောက်ကိုးရီးယားနိုင်ငံတွင် ကျားအရေအတွက်အနည်းငယ် ကျန်ရှိနေနိုင်သေးသော်လည်း တိကျသောသက်သေအထောက်အထားကိုမူ မတွေ့ရတော့ပါ။

အချို့ဒေသများ (ဥပမာ- အိန္ဒိယနိုင်ငံ) တွင် ကျားဦးရေ တိုးပွားလာသော်လည်း လာအိုနိုင်ငံကဲ့သို့သော အရှေ့တောင်အာရှ၏ အဓိကနေရင်းဒေသမျိုးတွင်မူ ကျားများပြန်လည်နေထိုင်ကျက်စားနိုင်ရန် အလားအလာ  လုံးဝမရှိတော့ပါ။ သို့ဖြစ်ရာ ကျားများ၏ လက်ရှိ အနအထားသည် ခန့်မှန်းတွက်ချက်မှုများအရ အရေအတွက်ကျဆင်းနေဆဲသာရှိသေးကြောင်း သိရှိရပါသည်။

ကျားများကို အာရှတိုက် အပူပိုင်းဒေသတောများတွင် အဓိကတွေ့ရှိရပါသည်။ ကျားမျိုးစိတ်ခွဲတစ်မျိုးဖြစ်သော အမ်မာ (the Amur Tiger) ကို ရုရှားအရှေ့ဘက်တွင် တွေ့ရှိရပြီး ဘူတန်နိုင်ငံတွင် ကျားများကို ပင်လယ်ရေမျက်နှာပြင်အထက် (၄၅၀၀) မီတာတွင် တွေ့ရှိနိုင်သည်။

ယင်းတို့သည် ကုန်းနေသတ္တ၀ါများဖြစ်ပြီး တစ်ကောင်တည်းနေတတ်သော သဘာဝရှိသည်။ ကျားမများ၏ ကျက်စားရာနယ်မြေသည် တစ်ကောင်နှင့်တစ်ကောင် ထပ်ခဲပြီး၊  ကျားထီးကျက်စားသောနေရာသည် ကျားမတစ်ကောင်မှ သုံးကောင်အထိ ကျက်စားရာနယ်မြေနှင့် ထပ်တူကျလေ့ရှိသည်။ သားကောင်ပေါများလျှင် စားကျက်မြေသေးငယ်သည်။

ကျားများ၏ အခြေခံအစားခံသတ္တ၀ါများသည် ခွာပါသောတိရစ္ဆာန်အုပ်စုများ (ဥပမာ- ကျွဲ၊ နွား၊ မြင်း) ဖြစ်ကြသည်။ တောဝက်များ၊ သမင်မျိုးစိတ်များသည်လည်း ကျားတို့၏ အဓိက စားသော သတ္တ၀ါများ ဖြစ်ကြပြီး ကျားများဆက်လက်ရှင်သန်နိုင်ရန်နှင့် မျိုးပွားနိုင်ရန်အတွက် ၎င်းတို့ပမာဏများစွာရှိရန် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ကျားများသည် တစ်နှစ်လျှင် သားကောင် (၅၀) မှ (၆၀) ကြား စားလေ့ရှိကြ၍ ဖြစ်သည်။ ကျားအစားခံသတ္တ၀ါများတွင် သားကောင်ကြီးများသာမက ငှက်များ၊ ငါးများ၊ ရှဥ့်များ၊ အင်းဆက်များ၊ ကုန်းနေရေနေသတ္တ၀ါများ၊ တွားသွားသတ္တ၀ါများနှင့် နို့တိုက်သတ္တ၀ါများလည်း ပါဝင်ပါသည်။ ထို့ပြင် ကျားထက် အရွယ်အစားကြီးသော ရေမြင်း၊ ပြောင်၊ ဆင်နှင့် ကြံ့များကိုပင် စားသုံးနိုင်ပါသည်။ ကျားများသည် ၎င်းတို့နှင့် အရွယ်အစားနီးစပ်တူညီသော သတ္တ၀ါများကို သားကောင်အဖြစ် ကြိုက်နှစ်သက်တတ်ကြပြီး၊ ၎င်းတို့နှစ်သက်သော သားကောင်ကို စားသုံးရခြင်းသည် မျိုးပွားခြင်းကို အောင်မြင်စေသော အဓိကအချက်ဖြစ်သည်။

ကျားများမျိုးသုဉ်းရခြင်း အကြောင်းများစွာရှိပါသည်။ အဓိကအားဖြင့် သတ်ဖြတ်ခံရခြင်း၊ သားကောင်လျော့နည်းလာခြင်းနှင့် စားကျက်မြေဖျက်ဆီးခံရခြင်းတို့ကြောင့် မျိုးသုဉ်းရသည်။

(၁၉၉၀) ခုနှစ်အစောပိုင်းများတွင် ကျားအရိုးကို ဆေးဖော်စပ်ရာတွင် အသုံးပြုရန် ကျားများကို မျိုးတုန်းလုနီးပါး သတ်ဖြတ်ခဲ့ကြသည်။ နိုင်ငံအများစုတွင် ကျားအရိုးအသုံးပြုခြင်းနှင့် ထုတ်လုပ်ရောင်းချခြင်းကို တားမြစ်ထားကြသော်လည်း တရုတ်၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံများတွင် တရားမ၀င်ထုတ်လုပ်မှုများ ဆက်လက်လုပ်ကိုင်နေကြဆဲဖြစ်သည်။ တရုတ်နိုင်ငံတွင် ကျားများကို မွေးမြူရေးခြံများနှင့် အမြောက်အများမွေးမြူသည့်လုပ်ငန်းများစွာ လုပ်ကိုင်လျက်ရှိကြပြီး အရေအတွက်အားဖြင့် ကျားကောင်ရေ (၆၀၀၀) ကျော် ရှိမည်ဟု မှတ်တမ်းရရှိသည်။ တရုတ်အစိုးရသည် မွေးမြူရေးလုပ်ငန်းရှင်များ၏ ကျားအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ခွင့်ရရှိစေရေး ဖိအားပေးမှုများကို ရင်ဆိုင်ခဲ့ရပြီး၊ အများစုမှာ ကျားအရိုးဝိုင် တရားမ၀င်ထုတ်လုပ်ခွင့်ရရှိရန် ညှိနှိုင်းပြီး ဖြစ်သည်။ (၁၉၉၃)တွင် တရုတ်နိုင်ငံ၌ ကျားအရိုးရောင်းဝယ်ခြင်းကို တားမြစ်ပြီးကတည်းက ၄င်းကို ဆေးဝါးအဖြစ်ရောင်းချမှုများ လျော့ကျလာသည်ဟု ဈေးကွက်စစ်တမ်းများအရသိရသည်။ သို့သော်လည်း ကျားမွေးမြူရေးလုပ်ငန်းက သုံးစွဲသူများ၏ ၀ယ်လိုအားကို ပြန်လည်ဦးမော့လာစေရန် ခြိမ်းခြောက်လျက်ရှိပေသည်။

ကျားအရိုးများအပြင် ကျားအရေခွံ၊ သွား၊ အစွယ်၊ အသားနှင့် အားတိုးဆေးတို့သည်လည်း ဈေးကွက်တွင် အလွန်ဈေးကောင်းရသောထုတ်ကုန်များဖြစ်သည့်အလျောက် တရားမ၀င်ဈေးကွက်တင်ရောင်းချခြင်းကို  ဦးတည်စေပြီး တရားမ၀င်သတ်ဖြတ်မှုများစွာ၏ အဓိကအကြောင်းအရင်းလည်းဖြစ်စေသည်။

တရားမ၀င်ရောင်းဝယ်ဖောက်ကားခြင်းကို နိုင်ငံတကာမှ ၀ိုင်းဝန်းနှိမ်နင်းကြသော်လည်း ယခုအချိန်ထိ အမြစ်ပြတ်မသုတ်သင်နိုင်သေးပေ။ (၂၀၀၈) ခုနှစ်တွင်မူ CITES (Convention on International Trade in Endangered Species) အဖွဲ့မှ ကျားများကို ၎င်းတို့၏ ကိုယ်အဂါင်္အစိတ်အပိုင်းများနှင့် ထုတ်ကုန်များ ရောင်းချရန်အတွက် မွေးမြူခြင်းမပြုလုပ်သင့်ကြောင်း ဆုံးဖြတ်ချက်ချခဲ့ပြီး လက်ခံကျင့်သုံးခဲ့သည်။

TRAFFIC အဖွဲ့၏ မှတ်တမ်းများအရ ကျားများကို ဆင်းရဲမှုကြောင့် သတ်ဖြတ်ခြင်းထက် ချမ်းသာခြင်းကြောင့် သတ်ဖြတ်ခြင်းက ပိုများကြောင်း သိရသည်။ အဘယ့်ကြောင့်ဆိုသော် အလွန်တန်ဖိုးကြီးသော တရားမ၀င်ကျားထုတ်ကုန်များကို ၀ယ်ယူသုံးစွဲလိုသူအရေအတွက် လျင်မြန်စွာ တိုးပွားလာခြင်းကြောင့်ဖြစ်သည်။ အချက်အလက်များအရ ကျားများကျက်စားရာ နိုင်ငံများအကြား တရားမ၀င်ရောင်းဝယ်ဖောက်ကားမှုနှုန်း မြင့်မားလာခဲ့ပြီး၊ ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း တရားဥပဒေအရ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ကျားအကောင်ရေ (၁၅၀)နီးပါးနှင့်ညီမျှသော ပမာဏကို သိမ်းဆည်းရမိခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် တရားမ၀င်ရောင်းဝယ်ဖောက်ကားနေခြင်း၏ တစ်စိတ်တစ်ပိုင်းကိုသာ ဥပဒေအရ အင်အားသုံး၍ တားဆီးနိုင်သည်ကို တွေ့ရှိရပြီး၊ ကျားများသည် တရားမ၀င်ဈေးကွက်လိုအပ်ချက်၏ လွှမ်းမိုးမှုကို ခံနေရဆဲဖြစ်ကြောင်း ညွှန်ပြလျက်ရှိနေသည်။

ထို့အပြင် အာရှတွင် လူဦးရေထူထပ်၍ ဖွံ့ဖြိုးမှုမြန်ဆန်လာခြင်းက ကျားများ ရှင်သန်နေထိုင်ကျက်စားနိုင်သည့် ကြီးမားကျယ်ပြန့်သော သဘာဝနယ်မြေများ တည်ရှိနေခြင်းကို ဖိအားများသက်ရောက်စေသည်။ သစ်တောမြေများကို ခုတ်ထွင်ရှင်းလင်း၍ စိုက်ပျိုးမြေများအဖြစ်အသုံးပြုခြင်း၊ စီးပွားဖြစ်သစ်ထုတ်ခြင်းနှင့် လူများအခြေချနေထိုင်ခြင်းတို့သည် ကျားများနေထိုင်ရာ စားကျက်မြေများဆုံးရှုံးစေသော အဓိကအချက်များဖြစ်သည်၊

ကျားများအတွက် အရေးပါသော အစာဖြည့်တင်းခြင်းလိုအပ်ချက်အဖြစ် ကျန်းမာသန်စွမ်းသော အစားခံတိရိစ္ဆာန်များအရေအတွက် လုံလောက်စွာလိုအပ်ပါသည်။ သို့သော် ၎င်းတိရစ္ဆာန်များသည်လည်း လွန်ကဲစွာ အမဲလိုက်ခံရခြင်း၊ မွေးမြူရေးတိရစ္ဆာန်အဖြစ် မွေးမြူခံရခြင်းများကြောင့် သားကောင်အရေအတွက် လုံလောက်စွာဖြည့်တင်းမှုမရရှိတော့ပေ။ ဤကဲ့သို့ သားကောင်ရှားပါးလာမှုကြောင့် ကျားများသည် ၄င်းတို့ ကျက်စားရာနယ်မြေအနီးရှိ အိမ်မွေးတိရစ္ဆာန်များအား အစာအာဟာရအတွက်  အမဲလိုက်ရာမှ လူသားများနှင့် မကြာခဏ ပဋိပက္ခဖြစ်ပွားလာခဲ့သည်။  ထိုအခါ ကျားထိန်းသိမ်းရေးလုပ်ငန်းများတွင် ဒေသခံများ၏အကူအညီကို ရရှိနိုင်ရန် တဖြည်းဖြည်း ပိုမိုခက်ခဲလာခဲ့သည်။

သို့ဖြစ်ရာ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလတွင် ရုရှားနိုင်ငံ စိန့် ပီတာဘာ့၌ ကျားထိန်းသိမ်းရေး ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့င်္ပြီး ကျားများကျက်စားနေထိုင်သည့် နိုင်ငံပေါင်း (၁၃)နိုင်ငံမှ တစ်ကမ္ဘာလုံးဆိုင်ရာ ကျားထိန်းသိမ်းရေးအစီအစဉ်များကို ချမှတ်လိုက်နာရန် သဘောတူညီခဲ့ကြသည်။ ထိုအစည်းအဝေးသို့ ရုရှား၊ တရုတ်၊ လာအို၊ နီပေါနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး ကျားထိန်းသိမ်းရေးအတွက် အရေးပါသော ကတိဝန်ခံချက်များ ရယူနိုင်ခဲ့ကြသည်။  အစည်းအဝေး၏ ရည်ရွယ်ချက်မှာ ၂၀၂၂ ခုနှစ်တွင် သဘာဝအတိုင်းရှိနေသော ကျားအရေအတွက် လက်ရှိ၏ နှစ်ဆ(အနည်းဆုံး အကောင်ရေ ၆၀၀၀) တိုးပွားလာစေရန် ပန်းတိုင်သတ်မှတ်၍ ချမှတ်ထားသော လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်သွားရန်ဖြစ်သည်။ လုပ်ဆောင်ရန် သဘောတူညီချက်များမှာ-

(၁) ကျားများနေထိုင်ကျက်စားရာ နယ်မြေများအား ထိထိရောက်ရောက် ထိန်းသိမ်းရန်၊ စီမံအုပ်ချုပ်ရန်၊ တိုးမြှင့်ရန်နှင့် ကာကွယ်စောင့်ရှောက်သွားရန်၊

(၂) ကျားများအား သတ်ဖြတ်ခြင်း၊ ၎င်းတို့၏ အစိတ်အပိုင်းများနှင့် ထုတ်ကုန်များအား တရားမ၀င်သယ်ဆောင်ခြင်း၊ တရားမ၀င် ရောင်းဝယ်ဖောက်ကားခြင်း တို့ကို အမြစ်ပြတ် သုတ်သင်နှိမ်နင်းရန်၊

(၃) ဘုံပိုင်ဆိုင်လျက်ရှိသော ကျားများကျက်စားရာ ဆက်စပ်နယ်မြေများကို စီမံအုပ်ချုပ်ခြင်းနှင့် တရားမ၀င် ရောင်းဝယ်ဖောက်ကားနေမှုများကို နှိမ်နင်းရာတွင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန်၊

(၄) ဋ္ဌာနေလူမျိုးစုများ၊ ဒေသခံများနှင့် ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်သွားရန်၊

(၅) ကျားများနှင့် ၎င်းတို့မှီခိုနေထိုင်ရာ စားကျက်ဒေသများအား ထိထိရောက်ရောက် စီမံအုပ်ချုပ်မှုကို မြှင့်တင်ရန်နှင့်

(၆) ကျားများအား ၎င်းတို့၏ နေရင်းဒေသများတွင် ပြန်လည်ထားရှိ ထိန်းသိမ်းရန် တို့ ဖြစ်ကြသည်။ ၎င်းအစည်းအဝေး၌ ရည်မှန်းချက်များအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် TRAFFIC အဖွဲ့ကိုလည်း ဖွဲ့စည်းနိုင်ခဲ့သည့် အပြင် နှစ်စဉ် ဂျူလိုင်လ (၂၉)ရက်နေ့တိုင်းကို လူအများအား သိရှိလှုံ့ဆော်နိုင်ရန် ရည်ရွယ်၍ ကမ္ဘာ့ကျားထိန်းသိမ်းရေးနေ့ (International Tiger Day) အဖြစ် သတ်မှတ်နိုင်ခဲ့သည်။

ကျားကျက်စားနယ်မြေများ၏ အနာဂတ်သည် အာရှနိုင်ငံများရှိ အစိုးရဌာနများ၏ ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်နေမှုများ ထိရောက်မှုရှိခြင်း မရှိခြင်းအပေါ်တွင်များစွာ မူတည်ပါသည်။ အရေးပေါ်လုပ်ဆောင်ရမည့် ထိန်းသိမ်းရေးလုပ်ငန်းမှာ နေရင်းဒေသ (source sites) များတွင် ကျားများရှင်သန်နိုင်မှု သေချာစေရန် လုပ်ဆောင်ခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့၌ ကျားများအတွက် သင့်လျော်ကောင်းမွန်သော ကျက်စားနယ်မြေများ ကျန်ရှိနေသေးသော်လည်း မျိုးပွားနိုင်သော ခန့်မှန်းကျားကောင်ရေကိုမူ ခန့်မှန်းထားခြင်း မရှိသေးပါ။ မျှော်လင့်ချက်အနေဖြင့် အစိုးရဌာနများသည် ကျားထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျားများကာကွယ်စောင့်ရှောက်ရန် လုံလောက်သော ၀န်ထမ်းအင်အား ဖြည့်ဆည်းခြင်းနှင့် တရားဥပဒေစိုးမိုးရေးဖော်ဆောင်ခြင်းများတွင် ဦးဆောင်ပေးနိုင်မည်ဆိုပါက ဤဒေသများမှ ကျားများအတွက် မျှော်လင့်ချက်များစွာ ကျန်ရှိနေပါလိမ့်မည်။

စာရေးသူ-ပင်ဦးစံ

ကိုးကား- Goodrich, J., Lynam, A., Miquelle, D., Wibisono, H., Kawanishi, K., Pattanavibool, A., Htun, S., Tempa, T., Karki, J., Jhala, Y. & Karanth, U. 2015. Panthera tigris. The IUCN Red List of Threatened

Species 2015: e.T15955A50659951. http://dx.doi.org/10.2305/IUCN.UK.2015-2.RLTS.T15955A50659951.en

By | 2017-07-28T16:46:48+00:00 July 28th, 2017|Mammals, Threats, Uncategorized, WCS Myanmar, Wildlife Trade|0 Comments

About the Author:

Leave a Reply