ကျွန်တော်တို့ ကုသမပေးနိုင်သော တောကောင်တွေရဲ့ စိတ်ဒဏ်ရာ ဒဏ်ချက်များ

သက်ရှိတိုင်းတွင် ခံစားတတ်သော နှလုံးသား ရှိပါသည်။ ခံစားတတ်သည့် နှလုံးသားများ ရှိသည်နှင့်အညီ ဘ၀တွင် နာကျင်ရသည့် အခိုက်အတန့်များကြောင့်လည်း စိတ်ဒဏ်ရာ ရမှုများ ရှိတတ်ကြသည်။ သို့သော် ကျွန်တော်တို့သည် လူသား၏ ခံစားမှု၊ စိတ်ဒဏ်ရာရမှုတို့ကိုသာ အလေးထားလေ့ရှိပြီး တိရစ္ဆာန်များ၏ ခံစားမှု၊ စိတ်ဒဏ်ရာရမှုနှင့် ပတ်သက်ပြီး လျစ်လျူရှုတတ်ကြ၊ အမှုမဲ့ အမှတ်မဲ့ နေတတ်ကြသည်။ တိရစ္ဆာန်များတွင် ခံစားတတ်တဲ့ နှလုံးသားရှိယုံမက၊ စိတ်ဒဏ်ရာလည်း ရနိုင်ပေသည်။သက်ရှိတိုင်းတွင် ခံစားတတ်သော နှလုံးသား ရှိပါသည်။ ခံစားတတ်သည့် နှလုံးသားများ ရှိသည်နှင့်အညီ ဘ၀တွင် နာကျင်ရသည့် အခိုက်အတန့်များကြောင့်လည်း စိတ်ဒဏ်ရာ ရမှုများ ရှိတတ်ကြသည်။ သို့သော် ကျွန်တော်တို့သည် လူသား၏ ခံစားမှု၊ စိတ်ဒဏ်ရာရမှုတို့ကိုသာ အလေးထားလေ့ရှိပြီး တိရစ္ဆာန်များ၏ ခံစားမှု၊ စိတ်ဒဏ်ရာရမှုနှင့် ပတ်သက်ပြီး လျစ်လျူရှုတတ်ကြ၊ အမှုမဲ့ အမှတ်မဲ့ နေတတ်ကြသည်။ တိရစ္ဆာန်များတွင် ခံစားတတ်တဲ့ နှလုံးသားရှိယုံမက၊ စိတ်ဒဏ်ရာလည်း ရနိုင်ပေသည်။

ထိုအကြောင်းအရာနှင့် ပက်သက်ပြီး ကျွန်တော့် ကိုယ်တွေ့ဖြစ်ရပ်နှစ်ခုကို ပြောပြပါရစေ။ ပထမတစ်ခုကတော့ ထမံသီရှေ့တန်းစခန်းကို ရောက်လာတဲ့ မျောက်လွှဲကျော်လေးရဲ့ အကြောင်းပါ။ ရောက်လာစတုန်းက အဲဒီမျောက်လွှဲကျော်လေးရဲ့ အရွယ်မှာ နို့စို့ရွယ်လေးပဲရှိပါသေးသည်။ မိခင်လက်မှ မလွတ်သေးခင် အရွယ်ဖြစ်သည်။ ထိုမျောက်လွှဲကျော်လေးကို ကျွန်တော်တို့ နို့ဘူးဖြင့် နို့တိုက်ပြီးကျွေးမွေးခဲ့ကြရပါသည်။ မျောက်လွှဲကျော်လေးဟာ ထမံသီရှေ့တန်းစခန်းကို ရောက်လာကာစက လူအရမ်းကြောက်တတ်ပြီး မွေးထားတဲ့ လှောင်အိမ်လေးထဲမှာပဲ ကွေးနေတတ်သည်။ (အခုတော့ လူထက်တောင် လည်တဲ့ အကောင်ဖြစ်နေပါပြီ။ စကားချပ်) ကျွန်တော်တို့က အဲဒီမျောက်လွှဲကျော်လေးကို ထံမီရှေ့တန်းစခန်းသို့ ရောက်လာတဲ့ ဗယ်လင်တိုင်းဒေးနေ့ကို အစွဲပြုပြီး ဗင်လင်တိုင်းလို့ နာမည်ပေးခဲ့ကြတယ်။ ဗင်လင်တိုင်းလေးရဲ့ ထူးခြားသည့် အချက်တစ်ချက်မှာ သူဟာ မိုးအုပ်လာလျှင် နေမထိ ထိုင်မသာဖြစ်ပြီး “ဝူ အူး ဝူ အူး” နှင့် အော်နေတတ်ပါသည်။ ထိုသို့ အော်တတ်သည်မှာ ယနေ့ အချိန်ထိ မိုးအုပ်တဲ့ အခါတိုင်းဖြစ်သည်။ မျောက်လွှဲကျော်များ၏ သဘာဝအရ မျောက်လွှဲကျော်များသည် မနက်နေထွက်ခါစ အချိန်တွင်သာ ထိုသို့ အူတတ်သည့် အလေ့အကျင့်ရှိပြီး မိုးအုပ်သည့်နေများတွင် မျောက်လွှဲကျော်များ မအူကြတော့ပဲ တိတ်ဆိတ်နေတတ်ကြသည်။ သို့သော် ကျွန်တော်တို့ထံရောက်လာသည့် ဗယ်လင်တိုင်းလေးမှာတော့ မိုးအုပ်တိုင်း ဆွေးဆွေးငင်ငင်နှင့် အော်နေတတ်သည်မှာ ကျွန်တော့်အတွက် ထူးခြားသည့် လက္ခဏာတစ်ခုဖြစ်နေခဲ့သည်။ ပိုထူးခြားသည်မှာ မိုးချိန်းသံကို ကြားလျှင် ကျွန်တော်တို့ရဲ့ ရင်ခွင်ထဲ ပြေးဝင်လာတတ်ခြင်းဖြစ်သည်။ မိုးချိန်းသံကြားလျှင် ရင်ခွင်ထဲသို့ လာပြီး ခေါင်းလေးငုပ်ကာ တစ်စုံတစ်ခုကို ကြောက်ရွံ့နေသကဲ့သို့ ပြုမူနေတတ်သည်။

ဘာလို့ မိုးအုပ်လျှင် သူ အော်မြည်နေရတာလဲ။ ဘာလို့ မိုးချိန်းသံကြားလျှင် တစ်စုံတစ်ယောက်၏ ရင်ခွင်ဆီ ပြေးခုံလှုံချင် ရတာလဲ။ ဘာအကြောင်းကြောင့် ဖြစ်နိုင်လဲလို့ သူ့ရာဇဝင်ကို လိုက်ကြည့်တော့ ကျွန်တော့် ရင်ကို ဆွဲလှုပ်လိုက်သလို စိတ်မကောင်း ဖြစ်ခဲ့ရသည်။

ဗင်လင်တိုင်းလေးကို စတင်ရရှိခဲ့သည်မှာ ရွှေမျောသမားများထံမှာဖြစ်ပြီး အမိရင်ခွင်ထဲမှာ ရင်ခွင်ပိုက် အနေအထားဖြင့် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ မုဆိုးဟာ အမေကို ပစ်လိုက်သည့် အချိန် ထိုမျောက်လွှဲကျော်လေးဟာ အမေရင်ခွင်ထဲ နို့စို့လျက် အနေအထားဖြင့် ကျလာခဲ့ခြင်းဖြစ်ကြောင်း သိခဲ့ရပါသည်။ မိုးရာသီ နေ့တစ်နေ့မှာ ယင်းကြေကွဲဖွယ် ဖြစ်ရပ်ကို သူကြုံခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် မိုးအုပ်တိုင်း သူ့၏ စိတ်ဒဏ်ရာကို မြင်တွေ့နေရခြင်း ဖြစ်သည်။ မည်မျှ ဆိုးရွားသည့် စိတ်ဒဏ်ရာ ဖြစ်သည်ကို မှန်းဆကြည့်နိုင်သည်။ မနေ့တစ်နေ့က ပျော်ပျော်ရွှင်ရွှင်ရှိခဲ့သည့် မိသားစုဘ၀ ရုတ်တရန် ပြိုကွဲရသည်။ အုပ်မှိုင်းမှိုင်း ရာသီဥတု၊ သေနတ်သံ၊ မိခင်၏ နာကျင် ညဉ်းတွားသံ၊ သွေးစက်များ စသည့် အရာများကို သူမေ့ပစ်၍ ရမည်မဟုတ်။ သူသာ စကားပြောတတ်လျှင် သူ့ဘဝ၏ နာကျင်ရဆုံးဟု ပြောမှာ မလွဲပေ။

နောက်ထပ်ဖြစ်ရပ်တစ်ခုကတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာမှ ကျွန်တော်တို့ ထမံသီ ရှေ့တန်းစခန်းသို့ လာအပ်နှံခဲ့သည့် ဟိမဝန္တာဝက်ဝံလေးဖြစ်သည်။ ထိုဝက်ဝံလေးကို အပ်နှံသည့် ရွာထံမှ ကျွန်တော်ကိုယ်တိုင် သွားယူခဲ့ခြင်းဖြစ်သည်။ ရွာသားများပြောကြားချက်အရ ၎င်းဝက်ဝံလေးကို ချင်းတွင်းမြစ် အရှေ့ဖက်ကမ်းမှနေပြီး နောက်ဖက်ကမ်းသို့ ကူးနေချိန်တွင် ဆယ်ယူရရှိခဲ့ကြောင်း သိရှိခဲ့ရသည်။ ကျွန်တော်တို့လည်း ဝက်ဝံအပ်နှံကြောင်း လက်မှတ်စသည်တို့လုပ်ပြီး ဝက်ဝံကို ကျွန်တော်ကိုယ်တိုင် ရင်ခွင်ပိုက် အနေထားဖြင့် အပ်နှံသည့် အိမ်မှနေ၍ စက်လှေပေါ်သို့ သယ်ယူခဲ့ပါသည်။ ထို ဝက်ဝံလေးဟာ အရိုင်းကောင်စစ်ဖြစ်ပြီး လူကိုရန်မူနေတာကြောင့် ပါးစပ်ပေါက်လေးကို လက်ဖြင့် ပိတ်ပြီးပွေ့ချီခဲ့ရသည်။ ကျွန်တော်ကိုယ်ပေါ်ရောက်တော့ ကလေးလေးတစ်ယောက် ကဲ့သို့ ငြိမ်သက်လိုက်ပါခဲ့သည်။ ကျွန်တော်အတွက်တော့ စိတ်ကြည်နူးစရာအကောင်းဆုံး အချိန်ပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်ရဲ့ စိတ်ကြည်နူးနေရသည်မှာ ခဏပဲကြာသည်။ သူ့ကို သယ်ယူလာပြီး လှေပေါ် ဆောင်ယူခါနီး ချင်းတွင်းမြစ်ဆိပ်ရောက်တော့ ဝက်ဝံလေးမှာ ထိန်းမရအောင်လှုပ်ရှားလားခဲ့သည်။ ချင်းတွင်းမြစ်ထဲ မျောနေချိန်၊ အသက်လု ကူးခတ်နေချိန် အခိုက်အတန့် ၊ နာကျင် စိုးရွံ့ရမှုကို သူမေ့မည်မဟုတ်ပေ။ ထို့ကြောင့် ကျွန်တော်တို့လည်း အသင့်ဆောင်ယူလာသည့် ဝက်ဝံလှောင်ချိုင့်ထဲသို့ ထည့်ပြီးဆောင်ယူခဲ့ရသည်။ ကျေးရွာမှာ ထမံသီရှေ့တန်းရုံးသို့ အပြန်လမ်းတစ်လျှောက်ဟာ ကျွန်တော့်အတွက် စိတ်ထိခိုက်ရဆုံး အချိန်များသာဖြစ်ခဲ့ရသည်။ ဝက်ဝံလေးမှာ လှောင်ချိုင့်ထဲမှနေပြီး ချင်းတွင်းမြစ်ကမ်း တစ်ဖက်တစ်ချက်ကို ကြည့်လိုက် တစာစာအော်လိုက် တောက်လျောက်လိုက်ပါလာခဲ့သည်။ ထိုသို့ တစာစာအော်မည် လိုက်ခဲ့သည်မှာ ကျေးရွာမှနေ၍ ထမံသီရှေ့တန်းစခန်းကိုရောက်သည့် အချိန်ထိပါပဲ။

ထိုဖြစ်ရပ်နှစ်ခုကို ကြည့်ခြင်းအားဖြင့် တောရိုင်းတိရစ္ဆာန်ဆိုတဲ့ အရိုင်းကောင်တွေမှာတောင် ခံစားတတ်တဲ့ နှလုံးသားရှိယုံမကပဲ နာကျင်ဖူးတဲ့ စိတ်ဒဏ်ရာတွေရှိကြောင်း စာဖတ်သူတို့ နားလည်လက်ခံကြမှာပါ။ ကျွန်တော် ထိုတောရိုင်းတိရစ္ဆာန်များရဲ့ စိတ်ဒဏ်ရာအကြောင်းပြောပြနေခြင်းမှာ အခြားကြောင့်မဟုတ်ပါ။ လူသားများ မွေးမြူထားကြသည့် တောရိုင်းတိရစ္ဆာန် အကောင်းတော်တော်များများသည် ငယ်ရွယ်စဉ် အခါမှစ၍ အိမ်မွေးတိရစ္ဆာန်တစ်ကောင်လို မွေးမြူခြင်းခံထားကြရသည့် အကောင်များသာဖြစ်ပြီး များသောအားဖြင့် အထက်တွင်ဖော်ပြခဲ့သော မျောက်လွှဲကျော်နှင့် ဝက်ဝံကဲ့သို့ အမေရင်ခွင်မှ ခွဲထုတ်ခံထားရသည့် အကောင်များသားဖြစ်ကြသည်။ ထိုအကောင်များအားလုံးသည် အမေနှင့် ကွဲကွာခဲ့ရသည့် စိတ်ဒဏ်ရာများနှင့် ရှင်သန်နေရသည့် အကောင်များသာဖြစ်ကြောင်းသိစေလိုသည်။ ထိုသို့ စိတ်ဒဏ်ရာခံစားနေရသည့် အကောင်များကို တစ်ချို့လူသားများမှာ ငွေရရှိဖို့တစ်ချက်တည်းနှင့် ခိုင်းစေနေသည်များလည်း စိတ်မကောင်းကြားရမြင်နေရပြန်သည်။ ကျွန်တော်တို့ လူသားဆိုသည်မှာ ကမ္ဘာပေါ်တွင် ဆင်ခြင်နိုင်စွမ်း အမြင့်ဆုံးသက်ရှိများဖြစ်ကြပါသည်။ ခံစားချက်အပြင်းထန်ဆုံးသက်ရှိများဖြစ်ကြသည်။ ဒီနေရာမှာ ကျွန်တော်လေးလေးနက်နက်ပြောချင်တာက အဲဒီ တောရိုင်းတရစ္ဆာန်အကောင်များအတွက် ကိုယ်ချင်းစာစိတ်လေးတစ်ချက်ပဲ ထားကြည့်ပေးစေချင်ပါသည်။ ကျွန်တော်တို့သာ မိခင်နှင့် အခွဲခံရလျှင် ဘယ်လိုခံစားရမလဲ။ ငါတို့ရဲ့ ရင်သွေးလေးသာ တပါးသူတွေယူသွားပြီး အလှပြခိုင်းစေနေမည်ဆိုသော် ဘယ်လိုခံစားရမလဲ။ အကောင်လေးတွေကို ချစ်တယ်ဆိုပြီး ကိုယ့် အနားမှာထားဖို့ မကြိုးစားစေချင်ကြပါနဲ့။ အစာရေစာပေးရုံနဲ့ ထိုအကောင်တွေရဲ့ စိတ်ခံစားမှု၊ ပျော်ရွှင်မှုတွေကို ကျွန်တော်တို့ မဖန်တီးပေးနိုင်ပါဘူး။ သဘာဝထဲမှာ သဘာဝအတိုင်းကြီးထွားရှင်သန်ကြတဲ့ အကောင်များကို သဘာဝမှာပဲ ဆက်လက်ရှင်သန်စေပါဟု အကြံပြုတိုက်တွန်းရင်း။ ။

နော်ကောင်း (ကောင်းခန့်)
သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံအစီအစဉ်)

By | 2017-09-08T17:15:26+00:00 September 8th, 2017|Mammals, Threats, WCS Myanmar, Wildlife Trade|0 Comments

About the Author:

Leave a Reply