တန်ဖိုးကိုသိပြီးလျှင် ကျွန်တော်တို့ဘာဆက်လုပ်သင့်သလဲ

“ဇူလိုက်လ (၂၉) ရက်နေ့ကို ကမ္ဘာလုံးဆိုင်ရာ ကျားများနေ့ ဟူ၍ သတ်မှတ်ထားပါသည်။ 2010 ခုနှစ် စိန့်ပီတာစပတ်မြို့တွင် ကျင်းပဖြစ်ခဲ့သော ကျားထိပ်သီးညီလာခံတွင် ကျားထိန်းသိမ်းရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်လာစေရန် ရည်ရွယ်၍ သတ်မှတ်ခဲ့ကြသည်။”

ထိုစာပိုဒ်လေးကို ကြည့်လိုက်လျှင်ဖြင့် သာမာန်အမှတ်တရနေ့တစ်နေ့ဟုသာ ထင်ရမည်သာ … သတိမမူ ဂူမမြင်ဆိုသည့် အတိုင်းပါပဲ။ စိန့်ပီတာစတ်မှာပြုလုပ်တဲ့ အစည်းအဝေးတစ်ခုကနေပြီးတော့ တစ်ကမ္ဘာလုံးဆိုင်ရာ ကျားများနေ့ သတ်မှတ်လိုက်ကြတယ်ပေါ့။ အဲဒီနေ့ဟာဇူလိုင်လ (၂၉) ရက်ပေါ့။ သိပ်မထူးခြားတဲ့ အကြောင်းအရာလေးတစ်ခုပါပဲ။ ဒါပေမယ့် ကျွန်တော်ဖော်ပြတဲ့ ကိန်းဂဏန်းများကို မြင်တဲ့ အချိန်မှာ စာဖတ်သူတို့ စိတ်အခြေအနေ တစ်မျိုးဖြစ်သွားပါလိမ့်မယ်။ သိပ်မထူးဆန်းတဲ့ ကိန်းဂဏန်းလေးတစ်ခုပါပဲ။ လွန်ခဲ့တဲ့ နှစ် ၁၀၀ အတွင်းမှာ ကျားများ နေထိုက်ကျက်စားရာ ဧရိယာစုစုပေါင်းရဲ့ (၉၃%) ဟာ ပျက်စီးဆုံးရှုံးကုန်ပါပြီ။ ဧရိယာချည်းပျက်စီးကုန်တာလားဆိုတော့ မဟုတ်သေးပါဘူး။ အဲဒီ နှစ်တစ်ရာအတွင်းမှာပဲ အရင်က ကျားအရေအတွက်ဟာ ၁၀၀၀၀၀ နီးပါးရှိနေရာကနေ ယခုအခါ ကမ္ဘာ့ပေါ်တွင် ကျားအရေအတွက် စုစုပေါင်း ၃၀၆၂ ကောင်မှ ၃၉၄၈ ကောင်အတွင်းသာ ကျန်တော့တယ်။ သိပ်မထူးခြားတဲ့ ဂဏန်းလို့ ဆိုလို့ရဦးမှာလား။

ဒီထက်ဆိုးဝါးတဲ့ သတင်းစကားရှိပါသေးတယ်။ ဒီနေရာမှာ ကိန်းဂဏန်းလေးကို သေသေချာချာမှတ်ထားစေလိုပါတယ်။ အရင်က ကမ္ဘာပေါ်မှာ ရှင်သန်ကျက်စားခဲ့တဲ့ ကျား (၉) မျိုးရှိပါတယ်။ (ကမ္ဘာ့ဦး အစွယ်ကြီးကြီးတွေနဲ့ ကျားကြီးတွေကို ဆိုလိုခြင်းမဟုတ်ပါ။) အဲဒီ (၉) မျိုးရှိတဲ့ အထဲမှာ (၃) မျိုးဟာ ကံမကောင်းစွာနဲ့ပဲ ကမ္ဘာ့ပေါ်မှာ ဆက်ပြီး မရှင်သန်နိုင်တော့ပါဘူး။ ကျန်ရှိနေတဲ့ (၆) မျိုးထဲမှာတောင် တစ်မျိုးဟာ သဘာဝမှာ မျိုးသုန်းသွားပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ ဝန်းကျင်က ကမ္ဘာပေါ်မှာ ကျားရှိသေးတယ်လို့ ယူဆထားတဲ့ နိုင်ငံ (၁၃) နိုင်ငံရှိပါတယ်။ ဒါပေမယ့် မကြာသေးခင်နှစ် အနည်းငယ်တုန်းကပဲ ကျွန်တော်တို့ရဲ့ အာဆီယံမိတ်ဆွေနိုင်ငံများဖြစ်တဲ့ ကမ္ဘောဒီယားနဲ့ ဗီယက်နာမ်ဟာ ကျားမျိုးသုန်းသွားပြီဖြစ်ကြောင်း ကြေညာခဲ့ရပါသည်။ ထိုမျှမကပါဘူး။ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံ လာအိုမှာဆိုရင် ကျား (၂) ကောင်သာကျန်ပါတော့တယ်။

ကျွန်တော် အပေါ်မှာ ကျားကောင်ရေ ၃၀၆၂ ကောင်မှ ၃၉၄၈ အတွင်းကျန်ရှိသေးကြောင်းဖော်ပြခဲ့ပါတယ်။ ကျန်ရှိနေသော နိုင်ငံ (၁၁) နိုင်ငံတွင် လာအိုတစ်နိုင်ငံကို ဖယ်၍ ကျန် ၁၀ နိုင်ငံကို အချိုးချကြည့်ပြီး ကျွန်တော်တို့ နိုင်ငံတွင် ကျား ပေါသေးတယ်လို့ ခင်ဗျားတို့ ထင်ချင်ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ ရှိသမျှကျား ၃၀၆၂ ကောင်မှ ၃၉၄၈ ရှိသည့်အထဲ အန္ဒိယ တစ်နိုင်ငံတည်း ကျား ကောင်ရေ ၂၀၀၀ ကျော် ရှိကြောင်း သုတေသနမှတ်တမ်းတွေက အခိုင်အမာဖော်ပြထားပြီးဖြစ်ပါတယ်။ ဒီတော့ … ကျွန်တော်တို့နိုင်ငံအခြေအနေကို နည်းနည်းလောက် တီးမိခေါက်မိရှိလာပြီလို့ ကျွန်တော်ယူဆပါတယ်။

အဆိုးတွေကိုပဲ ဖော်ပြလာတော့ နည်းနည်းစိတ်ညစ်စရာကောင်းနေပြီလို့ ယူဆမိပါတယ်။ အမှန်တော့ ကျွန်တော်တို့ နိုင်ငံဟာ သဘာဝပေး အခြေအနေ အရမ်းကောင်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကျားနဲ့ ပက်သက်လို့ကတော့ သဘာဝပေးအခြေအနေ ကောင်းဆဲဖြစ်တဲ့ နေရာအများစုရှိနေသေးသော နိုင်ငံတစ်ခု လို့လည်းဆိုနိုင်ပါသေးတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာပေါ်မှာ ကျားအမျိုးအစား (၂) မျိုးကို ပိုင်ဆိုင်ထားတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်နေလို့ပါပဲ။ ဒီနေရာမှာ တရုတ်လည်းကျန်ပါသေးတယ်လို့ စောဒကတက်စရာရှိပါတယ်။ ဒါပေမယ့် မတူပါဘူး။ ကျွန်တော်တို့နိုင်ငံဟာ သဘာဝအတွင်းကျက်စားလျက်ရှိတဲ့ ကျား အမျိုးအစားနှစ်မျိုးဖြစ်ပြီး တရုတ်ကတော့ တစ်မျိုးသာ သဘာဝအတွင်းကျက်စားပြီး ကျန်တစ်မျိုးမှာ မွေးမြူရေး (အိမ်မွေး၊ တိရစ္ဆာန်ရုံမွေး) ကျားသာဖြစ်ပါတယ်။ ကျားတွေကျက်စားခဲ့ဖူးတဲ့ နိုင်ငံတွေကြောင်း အနည်းအကျဉ်းလောက်ဖော်ပြပါရစေ။ တစ်ချိန်တုန်းက ကျားအမျိုးအစားအများဆုံး ကျက်စားခဲ့တဲ့နိုင်ငံကတော့ တရုတ်ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ကျားမျိုး စုစုပေါင်း (၅) မျိုးကျက်စားခဲ့ဖူးပြီး တရုတ်နောက်မှာစဉ်လိုက်ခဲ့တာကတော့ အင်ဒိုနီးရှားဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ကျား (၃) မျိုးကျက်စားခဲ့ဖူး၍ ယနေ့အချိန်မှာတော့ ၁ မျိုးသာကျန်ပါတော့တယ်။ အင်ဒိုအတွက် ပိုဝမ်းနည်းဖို့ကောင်းတဲ့ အချက်တစ်ချက်ကတော့ မျိုးသုန်းသွားတဲ့ ကျားနှစ်မျိုးစလုံးဟာ ဟိုးအရင်အချိန်ကတည်းက အင်ဒိုနိုင်ငံတစ်နိုင်ငံတည်းမှာပဲ ကျက်စားကြတဲ့ ကျားမျိုးရင်းများဖြစ်ပါတယ်။ သူနောက်မှာ စဉ်နေတာကတော့ ထိုင်း၊ ရုရှား၊ မွန်ဂိုရီးယားနဲ့ မြန်မာတို့ပဲဖြစ်ပါတယ်။ ထို (၄) နိုင်ငံထဲမှာမှ မိုဂိုရီးယားဟာလည်း ကျားလုံးဝ မျိုးသုန်းသွားပြီဖြစ်ပါတယ်။

ကျွန်တော် လူတစ်ယောက် မေးတာ ကြားဖူးပါတယ်။ “ဒီတောထဲမှာ ကျားတွေရှိတာတော့ဟုတ်ပါပြီ။ ကျားတွေဟာ တကယ်ပဲအရေးကြီးတာလား” တဲ့။ ဒီမေးခွန်းအတွက် အဖြေက တစ်ခုတည်းပါ။ အရေးကြီးပါတယ်။ တစ်ကမ္ဘာလုံးမှာ ကျားမျိုးစိတ်နှစ်မျိုးကျက်စားလျက်ရှိတယ်ဆိုတဲ့ တစ်ချက်တည်းနဲ့ကို အရမ်းအရေးကြီးပါတယ်။ ဒါဘယ်လိုမှလုပ်ယူလို့မရတဲ့ အခြေအနေတစ်ခုဖြစ်နေတာရယ်။ တကယ်လို့ တကယ်လို့များ အကြောင်းတစ်စုံတစ်ရာကြောင့် ကျွန်တော်တို့နိုင်ငံမှာ ကျက်စားနေတဲ့ ကျားမျိုး တစ်မျိုးသာ မျိုးသုန်းသွားမယ်ဆိုရင် အရမ်းနှမျောဖို့ကောင်းရုံသာမက ကမ္ဘာ့မှာ ဂုဏ်ယူနေရတဲ့ အချင်းအရာတစ်ခု လက်ထဲကပြုတ်ကျသွားသလိုဖြစ်ရပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော်စိုးရိန်စရာ ကိန်းဂဏာန်းတစ်ခု တွက်ပြပါရစေ။ အိန္ဒိယနိုင်ငံမှာ ကျက်စားနေတဲ့ ကျားကောင်ရေတွေကို နှုတ်လိုက်မယ်ဆိုရင် ကျား ကောင်ရေစုစုပေါင်း အကောင် (၁၀၀၀) ကျော်သာကျန်ပါတော့တယ်။ အဲဒီ အကောင်ရေ (၁၀၀၀) ကျော်သာသာရှိတဲ့ ကျားအရေအတွက်ကို ၉ နိုင်ငံမှာ ညီတူညီမျှ တည်ရှိသည်ထားဦးတော့ … ကျွန်တော်တို့နိုင်ငံဟာ တာဝန်ပိုကြီးပါတယ်။ အရေအတွက်အားဖြင့် ပိုနည်းတဲ့ ကျားအမျိုးအစား (၂) မျိုးကို ထိန်းသိမ်းရမှာဖြစ်တာကြောင့်ပါ။

စိတ်မကောင်းစရာပေါတဲ့ ကျွန်တော်တို့နိုင်ငံမှာ စိတ်မကောင်းစရာကတော့ ကျွန်တော်တို့နိုင်ငံမှာ ကျက်စားနေတဲ့ ကျားတွေဟာ တကယ်လို့များ တစ်စုံတစ်ခုဆိုတဲ့ အချက်ပေါင်းများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ လွန်ခဲ့တဲ့နှစ်က သတင်းစာမှာဖော်ပြတဲ့ သတင်းတစ်ပုဒ်ရှိပါတယ်။ ကရင်ပြည်နယ်မှာ ရွာထဲနယ်ကျော်ရောက်လာတဲ့ ကျားရဲ့ ရှုမလှ သေပွဲဝင်ခဲ့ရတဲ့ သတင်း၊ ဒါကတော်ပါသေးတယ်။ ရွာထဲရောက်လာလို့ဆိုပြီး ခံသာပါသေးတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ကြားလိုက်ရတဲ့ သတင်းက ကျွန်တော်ရင်ကို ဆောက်ကန်ခံလိုက်ရသလိုပါပဲ။ တာချီလိတ်မှာ တရုတ်နိုင်ငံကိုရောင်းဖို့ သယ်လာတဲ့ ကျား (အသေ) တစ်ကောင်ဖမ်းယူရမိခြင်းတဲ့ … ဒါ သတင်းအဖြစ်တက်လာလို့သိရတဲ့ သတင်းတွေပါ။ ကျွန်တော်တို့ မသိလိုက်ပဲ။ မကြားလိုက်ပဲ ကျွန်တော်တို့ရဲ့ နိုင်ငံ့ဂုဏ်ဆောင် ကျားဘယ်နှကောင်များ မှောင်ခိုဈေးကွက်မှာ အသတ်ခံနေရပြီလဲ။ ကျွန်တော်တို့ ကိုယ်တိုင်ကရော ဒီကိစ္စတွေအတွက် ဘယ်လိုဆောင်ရွက်ပေးနိုင်ကြမှာလဲ။

ဘယ်လိုမှ ဆောင်ရွက်မပေးနိုင်ခင်မှာပဲ ကျွန်တော်တို့ကိုယ်တိုင် ကျက်စားရာဒေသများ ဖျက်ဆီးနေကြတယ်။ သူတို့ရဲ့ကျက်စားရာဒေသများ ဖြတ်တောက်ပစ်နေကြတယ်။ ကျွန်တော်အဲဒီအကြောင်းအရာတွေ ဖတ်ဖြစ်တိုင်း ခေါင်းထဲမှာမေးခွန်းတွေကြီးပဲ ပေါ်ပေါ်လာခဲ့တယ်။ ဘာကြောင့်လဲ။ ဘာလို့လဲဆိုတာပေါ့။ ကျားတွေရှိခြင်းဟာ နိုင်ငံအတွက် ဂုဏ်ယူစရာတစ်ခုဖြစ်သလို တခြားအကြောင်းအရင်းအများကြီးကျန်ပါသေးတယ်။ ကျားတွေဟာ အစာကွင်းဆက်ရဲ့ အပေါ်ဆုံးအဆင့်မှာရှိတဲ့ သက်ရှိတစ်မျိုးဖြစ်တယ်။ အပေါ်ဆုံးအဆင့်မှာရှိတဲ့ သက်ရှိမျိုးသုန်းသွားရင် ဘာတွေဖြစ်လာမလဲဆိုတော့ အစာကွင်းဆက်ဟာ ဗရမ်းဗတာတွေ ဆက်ဖြစ်ကုန်တော့တာပါပဲ။ ဥပမာအနေနဲ့ပြောရရင် သြစတေးလျားတိုက်မှာ အခု သားပိုက်ကောင်အဆမတန်များပြီး လူနဲ့ သားပိုက်ကောင်တွေ ပြဿနာဖြစ်နေကြလို့ နှိမ်နင်းနေရတဲ့ အဆင့်ဖြစ်နေပါတယ်။ ဘာလို့သားပိုက်ကောင်တွေများလာရသလဲဆိုရင် Tasmanian Tiger ဆိုတဲ့ အကောင်များကို အဆမတန်အမဲလိုက်သတ်ဖြတ်ခဲ့လို့ပါပဲ။ Tasmanian Tiger တွေမရှိတော့ နောက်ဆက်တွဲအနေနဲ့ သားပိုက်ကောင်အရေအတွက်ကို လျော့ချပေးတဲ့ သက်ရှိမရှိတော့ပဲ သားပိုက်ကောင်တွေ အဆမတန်များလာတော့တာပါပဲ။ လွန်ခဲ့တဲ့ တစ်လကျော်လောက်က သီတင်းတစ်ခုဖတ်လိုက်ရပါတယ်။ ဒါကဘာလဲဆိုတော့ လှော်ကားဘေးမဲ့တောမှာ မျောက်ကောင်ရေတွေ အဆမတန်များပြီး အစာမလုံလောက်ဖြစ်နေတဲ့ သတင်းပါ။ ဒါက အစာကွင်းဆက်ပြတ်တောက်ခြင်းရဲ့ အကျိုးဆက်တွေပဲဖြစ်ပါတယ်။ ဒီတော့ ကျွန်တော့် ဆောင်းပါးကို မေးခွန်းလေးတစ်ခုနဲ့ပဲ အဆုံးသတ်ပါရစေ။ ကျွန်တော်တို့ဟာ “နိုင်ငံအတွက်ရော သဘာဝအတွက်ပါ အရေးပါတဲ့ ကျားတွေကို ထိန်းသိမ်းသင့်သလား၊ မသင့်ဘူးလား။”

နော်ကောင်း
သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)

By | 2017-07-31T15:12:45+00:00 July 31st, 2017|Wildlife, Mammals, Threats, WCS Myanmar, Wildlife Trade|0 Comments

About the Author:

Leave a Reply