သတင်းပေးပါ ကြိုးကြာ သို့မဟုတ် ကြိုးကြာခေါ်သံ

ကြိုးကြာငှက်သိုက်တစ်ခုကို ရေနက်ကွင်း၊ နတ်စပါးတောထဲရှိ မြက်ကလုံးပင်များပေါ်တွင် ကြိုးကြာဥ နှစ်လုံး ဥထားသည်ကို ကိုစောမျိုးက လိုက်ပြသည်။ ကိုစောမျိုးက ထိုကြိုးကြာအသိုက်ကို ၀မ်းရေးအတွက် မြုံးထောင်း သွားရာက တွေ့ရှိထားခြင်းဖြစ်သည်။

“မြုံးထောင်းသွားရင်းနဲ့ ဒီအသိုက်ကို ကျွန်တော် တွေ့ထားတာပါ။အဲဒါနဲ့ တင်မြ( သူ့ ဇနီး) က ဆရာတို့ ဟောပြောပွဲသွားနားထောင်းရင်းနဲ့ ကြိုးကြာအသိုက်တွေ့ရင်း သတင်းပေးဖို့ ပြောတယ်ဆိုတာနဲ့ ကျွန်တော် သတင်းပေးတာ” ဟု ခပ်လှမ်းလှမ်းမှ ကြိုးကြာငှက်မကြီးကို ကြည့်၍ အသက် ၃၂အရွယ်ရှိ  ကိုစောမျိုးက ကျွန်တောတို့အဖွဲ့ကို  ပြောသည်။

ကြိုးကြာငှက်မျိုးစိတ်သည် ကမ္ဘာတစ်ဝှမ်းတွင် မျိုးစိတ်များစွာရှိသော်လည်း ဧရာဝတီမြစ်ဝကျွန်း ပေါ် ဒေသရှိ ကြိုးကြာခေါင်းနီငှက်မျိုးစိတ်များမှာ မြန်မာနိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးတွင်လည်း မျိုးသုဉ်းမှု အန္တရာယ်ကျရောက်နေသော မျိုးစိတ်ဖြစ်သည်။

အဆိုပါ ငှက်မျိုးစိတ်သည် မြန်မာနိုင်ငံတွင် အကောင်ရေ ၅၀၀ ခန့်သာ ကျန်ရှိတော့သည်ဟု ခန့်မှန်းထားသည်။ ယင်းငှက်များကို  ကချင်၊ ရှမ်း၊ရခိုင်နှင့်ပဲခူးတွင် တွေ့ရှိရသော်လည်း အကောင်ရေ ဆယ်ဂဏန်းခန့်သာ တွေ့ရှိနိုင်သည်။ ဧရာဝတီမြစ် ၀ ကျွန်း ပေါ်ဒေသတွင် အကောင်ရေ ၂၀၀မှ ၄၀၀ အထိ ကျန်ရှိနေသည်ဟု ငှက်ပညာရှင်တို့က ယူဆထားသော် လည်း အချိန်မိ ထိန်းသိမ်းကာကွယ်ခြင်း မပြုပါက မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သော မျိုးစိတ်ဖြစ်နေပြီး ဟု ကြိုးကြာထိန်းသိမ်းရေးငှက်ပညာရှင်းတို့က နိုးဆော်နေကြသည်။

“ဒီဧရာဝတီမြစ်ဝကျွန်းပေါ်က မြန်မာနိုင်ငံအတွက် ကြိုးကြာငှက်မျိုးစိတ်တွေရဲ့ နောက်ဆုံးခံတပ်၊ နောက်ဆုံး နေရာလို့ ပြောလို့ ရတယ်။ ဒါသည် ကြိုးကြာငှက်တွေ ထိန်းသိမ်းဖို့ တကယ့်နေရင်းဒေသဖြစ်သလို အခြားတဖက်မှာလည်း ထိန်း သိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ နေရာလည်း ဖြစ်ပါတယ်”ဟု ဦးနိုင်လင်းက ဆိုသည်။ ဦးနိုင်လင်းသည် သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံအစီအစဉ်)တွင် ဧရာဝတီမြစ်ဝှမ်းဒေသ တာဝန်ခံအဖြစ် ကြိုးကြာငှက်အပါဝင် အခြားမျိုးစိတ်များ ထိန်းသိမ်းရေးလုပ်ငန်းကို ဆောင်ရွက်နေသူ ဖြစ်ပါသည်။

ကြိုးကြာခေါင်းနီများသည် ရေစပ်စပ်ရှိသော လယ်ကွင်း၊ ကိုင်းတောနှင့် စိုက်ပျိုးမြေများတွင် အသိုက်ြ ပုလုပ်၊ နေထိုင်ကျက်စားလေ့ ရှိသည်။ မြက်ရိုင်းတောများတွင် ၃ ရာခိုင်နှုန်းအသိုက်ပြုလုပ်၍ ကျန်သည့်  ၉၇ ရာခိုင်နှုန်းမှာ လူတို့၏ စပါးစိုက်ခင်းနှင့် စိုက်ပျိုးမြေများတွင်သာ အသိုက်ပြုလုပ်သောကြောင့် အသိုက်များနှင့် ဥများမှာ လယ်သမားတို့၏ ဖျက်ဆီးမှု၊ အနှောက်အယှက်ပေးမှုကို ခံနေရပါသည်။

အခြားခြိမ်းခြောက်မှု အန္တရာယ်များလည်း ရှိပါသေးသည်။ သူတို့၏ နေရင်း ဒေသများကို ငါးကန်၊ ပုဇွန်ကန်များအဖြစ်သို့ ပြောင်းလဲလာခြင်း၊ စိုက်ပျိုးရေးများတွင် ပိုးသတ် ဆေးများ အလွန်အကျွံသုံးစွဲနေခြင်း၊ သားငှက်တိရစ္ဆာန်များကို အဆိပ်ချ ဖမ်းဆီးခြင်းနှင့် ယင်းတို့ကို ဖမ်းဆီး စား သောက်ခြင်းတို့ ဖြစ်ပါသည်။ ယင်းအပြင် သစ်တော ပြုန်းတီးလာခြင်း၊ သဘာဝနှင့် လူတို့၏ ပယောဂကြောင့် တောမီး လောင်ကျွမ်းခြင်း ၊မြစ်ချောင်း၊ အင်းအိုင်များ တိမ်ကောလာခြင်း၊ ငှက်များကို အိမ်မွေးတိရစ္ဆာန်များ အဖြစ် မွေးမြူးလာခြင်း စသဖြင့် ခြိမ်းခြောက်မှု အန္တရာယ်များလည်း ရှိနေပါသည်။

“ကြိုးကြာတွေ မျိုးသုဉ်းလာတာ အဓိကပြသနာ က သူတို့ အသိုက်တွေ ဖျက်စီးခံရ တယ်။ နေရင်း ဒေသတွေ ပျက်စီးတယ်။အဓိက က အသိုက်တွေကို မဖျက်ဆီးပဲနဲ့ လယ်သမာတွေကို ပူးပေါင်းေ ဆာင်ရွက် စေချင်တာပါပဲ” ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံအစီအစဉ်) က ငှက်ပညာရှင် ဦးသက်ဇော်နိုင်က ပြောသည်။

ကြိုးကြာအသိုက်နှင့်ဥများကို မဖျက်ဆီးဘဲ ပူးပေါင်းသော ဒေသခံကို ကြိုးကြာအသိုက်သတင်းပေးပါ က ဂုဏ်ပြုမည်ဖြစ်ကြောင်း၊ ကြိုးကြာအသိုက်ကြောင့် ပျက်စီးသွားသော စပါးခင်းနှင့် စိုက်ပျိုးခင်းတို့၏ တန်းဖိုးများကိုလည်း ပြန်လည်ထောက်ပံ့ပေးသွားမည်အစီအစဉ်များလည်း ရှိကြောင်း သူက ရှင်းပြသည်။

အဆိုပါအစီအစဉ်ကို သစ်တောဦးစီဌာန၊ မအူပင်တက္ကသိုလ်နှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင် ငံအစီအစဉ်) ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

ဒေသခံများအနေဖြင့် ယခင်လို အမှုမဲ့၊ အမှတ်မဲ့ မနေသင့်ဘဲ ယင်းတို့ကို ထိန်းသိမ်းရေး ဆောင်ရွက် ကြ ရာတွင် ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့ ကြိုးကြာ ငှက်ထိန်းသိမ်းရေးသမားတို့က တိုက်တွန်းနေပါသည်။

ငါးကြီးဂရက်ကျေးရွာသူ၊ အသက်၃၉နှစ်အရွယ် မမြယဉ်က ဗုဒ္ဓဘာသာအယူအဆအရ ကြိုးကြာငှက် သည် ဗုဒ္ဓမြတ်စွာဘုရား၏ ဘ၀ဖြစ်စဉ်များတွင် ဘုရားအလောင်းတော်ဖြစ်ခဲ့၍ မသတ်ပါဟု ဆိုပါသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသခံအများစုသည် ကြိုးကြာငှက်နှင့်ပတ်သက်၍ အယူအဆ များနှင့် ဓလေ့အစွဲများ ရှိကြသည်။ သာဓကအားဖြင့် ကြိုးကြာငှက်ကို ရေမန်းကောင် ဟူ၍ ခေါ်သလို ကြိုးကြာရောက်သည့် အရပ်ကို ရေကြီးသည်ဟူ၍လည်း ယုံကြည်ကြသည်။ ကြိုးကြာအသိုက်နှင့်ဥများကို ဖျက်ဆီးလျှင်လည်း မကောင်းသော ကံများ ကျရောက်တတ်သည်ဟူသော အယူအဆလည်းရှိသည်။

ချစ်စရာဓလေ့များလည်း ရှိပါသည်။ ကြိုးကြာများ အုပ်စုလိုက်ကျချိန်၌ ကြိုးကြာနှစ်ကောင်ကို အလယ်တွင် ထား၍ ကျန်အကောင်များက ဘေးမှ ၀န်းရံထားပြီး အလယ်နှစ်ကောင် က, နေပါလျှင် ကြိုးကြာမင်္ဂလာဆောင်သည်ဟု ပြောလေ့ရှိကြသည်။ သို့အတွက် ဆန်ရေစပါးကောင်မွန်သည်ဟူ၍ မှတ်ယူကြသည်။ ယင်းအပြင် မိမိလယ်ကွက်ထဲ ကြိုးကြာအသိုက်ပြုလုပ်ပါကလည်း စပါးအထွက် ကောင်း သည် ဓလေ့များရှိသည်။

ငါးကြီးဂရက်ကျေးရွာသား၊ အသက်၆၇နှစ်အရွယ်ဦးစိန်ထွန်းက သူ့အသက်၂၀ကျော်အရွယ်ကထက် ကြိုးကြာငှက်များသည်  လေးပုံလျှင် တစ်ပုံခန့်ပင် ရှိချင်မှ ရှိတော့မည်ဟု ကြိုးကြာငှက်များ ရှားပါးလာပုံကို သတိပေးသည်။ကြိုးကြာခေါင်းနီများသည် ဦးစိန်ထွန်း၏ မအူပင်မြို့နှင့် ရွာအနီးစပ်များတွင်သာ တဖြည်းဖြည်းရှားပါး လာသည်မဟုတ်။ တစ်ကမ္ဘာလုံးတွင်လည်း တဖြည်းဖြည်း အကောင်ရေ လျော့နည်းလာနေလျက်ရှိသည်ဟု The IUCN Red List of Threatened Species စာရင်းများအရ သိရသည်။

ကြိုးကြာခေါင်းနီများသည် ၁၉၉၄ခုနှစ်တွင် မျိုးသုဉ်းရန် အန္တရာယ်ကျရောက်လုနီးပါးမျိုးစိတ်အဖြစ် သတ်မှတ်ထားသော်လည်း ၁၈နှစ် အကြာတွင် နောက်တစ်ဆင့် တက်၍ မျိုးသုဉ်းရန် အန္တရာယ်ကျေ ရာက် နိုင်သောမျိုးစိတ်ဖြစ်သွားခဲ့သည်။

သာဓကတစ်ခုမှာ  ကြိုးကြာခေါင်းနီသည် ယခင်က ထိုင်းနိုင်ငံတွင် ပေါပေါများများ နေထိုင်ခဲ့သော် လည်း လွန်ခဲ့သော ၁၀နှစ်ခန့် ၀န်းကျင်၌ တစ်ကောင်မျှ မရှိတော့သည်အထိ မျိုးပြုတ်သွားခဲ့သည်။ထိုဖြစ်ရပ်မှာ ကြိုးကြာတို့၏ နေရင်းဒေသများ၊ ကျက်စားရာနေရာများ ဖျက်ဆီးခံရသလို အသိုက်နှင့် ဥများလည်း လယ်သမား တို့က ဖျက်ဆီးပစ်သောကြောင့်ဖြစ်သည်။ ယခုအချိန်တွင် ထိုင်းနိုင်ငံသည် ကြိုးကြာခေါင်းနီမျိုးစိတ်များကို ကေ မ္ဘာဒီးယားနိုင်ငံက မှာယူပြီး ဒေသခံလယ်သမားများကို အသိပညာများ ဖြန့်ဝေကာ သဘာဝနေ ရင်းကြိုးကြာ ငှက်များအဖြစ် ပြန်လည်း မွေးမြူးနေရပြီးဖြစ်သည်။

မြန်မာအမည် ကြိုးကြာခေါင်းနီမျိုးစိတ်ကို အင်္ဂလိပ်လို Sarus Crane ဟူ၍ ခေါ်ပြီး သိပ္ပံနာမည်မှာ Grus Antigone ဟု သတ်မှတ်ထားသည်။ မြန်မာနိုင်ငံတွင် ကြိုးကြာခေါင်းမဲနှင့် ကညာကြိုးကြာ ဟူ၍လည်း နောက်(၂)မျိုးရှိပြီး ကညာကြိုးကြာမှာ လုံးဝမျိုးသုဉ်းသွားခဲ့ပြီးဖြစ်သည်။ ကြိုးကြာခေါင်းမဲမှာ ပေါပေါများများ ကျန်ရှိနေပါသေးသည်။

ကြိုးကြာကို ၁၉၉၄ခုနှစ် သားငှက်ထိန်းသိမ်းရေးဥပဒေအရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရ စ္ဆာန်များအဖြစ် သတ်မှတ်ထား သည်။ယင်းစာရင်းဝင်သော တောရိုင်းတိရစ္ဆာန်များကို ခွင့်ပြုချက် မရှိဘဲ သတ် ဖြတ်ခြင်း၊ အမဲလိုက်ခြင်း သို့မဟုတ် အနာတရဖြစ်စေခြင်း၊ ယင်း၏ အစိတ်အပိုင်းကို ဖြစ်စေ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း၊ ရောင်းချခြင်း၊ သယ်ဆောင်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းတို့ ပြုလုပ်လျှင် သားငှက်ထိန်း သိမ်းရေးဥပဒေ(၁၉၉၄)၏ ပုဒ်မ ၃၇ အရ ထိုသူအား ထောင်ဒဏ် (၇)နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ကျပ် (၅၀၀၀၀) အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်းဘေးမဲ့တောတောအုပ် ဦးကျော်ကျော်နိုင်က ရှင်းပြသည်။

ကြိုးကြာငှက်သိုက် လိုက်လံပြသသော အချောရွာသားဦးစောမျိုးက ကြိုးကြာခေါင်းနီများသည် ရှားပါးငှက်များ ဖြစ်သည်ကို သိထားသော်လည်း ယင်းတို့ကို ယခုကဲ့သို့ ဥပဒေများဖြင့် အကာအကွယ် ပေးထားသည်ကို မသိပါဟု ကျွန်တော်တို့ စီးလာသော လှေကို လှော်ခပ်လျက် ပြောသည် ။ထို့အပြင်ကျွန် တော်တို့ အပြန်ခရီးတွင် သူ့လှေကို လှော်ခပ်လျက်-

“ဆရာတို့။ ကျွန်တော်က အာမခံပါတယ်။ ရွာအနီးနားနဲ့ (ကျွန်တော်) သိတဲ့ လူတွေကို ကြိုးကြာ အသိုက်တွေ့ရင်း  သတင်းပေးဖို့၊ ကြိုးကြာတွေ မဖျက်ဆီးဖို့ကို ပြောပေးပါမယ်”

ဇင်မင်းထွန်း
Communications Assistant
WCS Myanmar

By | 2017-08-25T11:03:37+00:00 August 25th, 2017|Upper Ayeyawady, Wildlife, Ayeyawady River, Birds, Threats, WCS Myanmar|0 Comments

About the Author:

Leave a Reply