တာကော်သံလွင်တံတားမှသည် …လင်းတငှက်များရှိရာသို့

လိပ်သုတေသနလုပ်ရန် Global Mapper မှ သံလွင်မြစ်၏ ပထဝီဝင်မြေမျက်နှာပြင် အ နေအထားကို ကြည့်လိုက်သောအခါ စိတ်လွန်း၊ကျဉ်းလွန်းနေသော ကွန်တိုမျဉ်းများကို တွေ့ရသဖြင့် မြင့်မား သောတောင် တန်း၊ တောင်ကုန်းတွေကြားမှဖြတ်စီးနေသော မြစ်တစင်းပါလားဆိုသည်ကိုသိ လိုက်သည်။ ဤ သို့သောအ ခြေအနေမျိုးများကို ဒုဋ္ဌဝတီမြစ်အောက်ပိုင်းနှင့်ရွှေလီ မြစ်အထက်ပိုင်းတွေ့ကြုံခဲ့သဖြင့် သံလွင်မြစ် မြစ်ညာမှ သည် မြစ်ဝအထိမည်သည့်နည်းနှင့်မျှစုံဆင်းနိုင်ရန်မဖြစ်နိုင်တော့ပေ။ Design Printing Services တဖန် Co., LTD.ထုတ် ပြည်နယ်နှင့်တိုင်းဒေသကြီးများမြေပုံ စာ အုပ်တွင်ပါသော ရှမ်းပြည်နယ် မြေပုံကို ဖြန့် ကြည့် လိုက် ပြန်ရာမြစ်ညာမှအောက်သို့ကြည့်သော် လောက်ကိုင်၊ ကွမ်းလုံ၊ တန့်ယန်း၊ မိုင်းရှုး၊ ကွန်ဟိန်း၊ တာကော်၊ ကျိုင်း ခမ်း၊ ကျိုင်းတောင်း၊ တာဆန်း၊ ဖါးဆောင်း၊ ဖါပွန်၊ မြိုင် ကြီးငူ၊ ဘားအံ့၊ မော်လမြိုင်၊ ဘီလူးကျွန်းတို့ ကိုတွေ့ ရ သည်။ တရုတ်ပြည်နှင့်နီးသော ဒေသတွင် သဘာဝအရင်းအမြစ်များကျန်ရှိရန် အခွင့်အလမ်းနည်းနိုင် ခြင်းနှင့် ယင်းဒေသများမှာငြိမ်းချမ်းရေးဆက်လက်ဖေါ်ဆောင်နေသော ဒေသများဖြစ်သည့်သဖြင့် ဘေးကင်းစွာ လေ့လာ ရန်မဖြစ်နိုင်။ အလားတူ တာဆန်းနှင့်လင်းခေးအောက်ပိုင်းကိုလည်းလုံခြုံရေးအခြေအနေ၊ လမ်းပန်းဆက်သွယ် မှုအနေအထားတို့ကအဟန့်အတားဖြစ်နေ၍အဆိုပါဒေသများကို လေ့လာကွင်းဆင်းမှုမလုပ် သေးရန်ဆုံးဖြတ် လိုက်ပါသည်။ ဤသို့ဖြင့် ကွန်ဟိန်းမြို့နယ်နှင့် လင်းခေးမြို့နယ်ကြား၊ သံလွင်မြစ်ဘေးမှ ကျေးရွာများကို ရွေး ချယ်လိုက်သည်။ အဆိုပါဒေသမှဒေသခံတွေနှင့် အဆက်အသွယ်၊ သိရှိထားမှုက နတ္ထိ။ ယင်းမှာ အဓိကပြ သ နာမဟုတ်ပေ။”ပါးစပ်ပါ ရွာရောက်၊မေးပါများစကားရ” ဆိုသောလမ်းညွှန်အားပေးစကားအတိုင်း၊ မြန်မာစ ကား နားလည်သောမည်သည့်နေရာ၊ ဒေသမဆိုသွားရန်ဝန်မလေး၊ စေလိုရာစေနိုင်သော၊ သွားလိုသော ကျွန်တော့် အဖို့အတွေ့အကြုံတွေများစွာရှိနေပြီဖြစ်၍ သတ္တိမနည်းတော့ပြီ။ ကိုယ့်မြေ၊ ကိုယ့်ရေတွင် ကျွန်တော်တို့သွေး ချင်းပြည်ထောင်စုဖွားတွေချည်းရှိနေသည် မဟုတ်ပါလား။

နောက်အရေးကြီးသည့်အချက်မှာ သံလွင်နှင့်ပတ်သက်ပီး ဘာတွေသိထားသလဲဆိုတာဖြစ်သည်။ လူ ထုဦးလှရေးသည့်ကျွန်တော်သံလွင်ဖေါင်စီး၊ အင်တာနက်မှ ဝိကီးပီးဒီးယားအချက်လက်အချို့၊ ဂျာနယ်တွင်ပါရှိ သော  သတင်းအချက်အလက်၊ ဆောင်းပါးများကို သိမ်းဆည်းထားသောဖိုင်တွဲမှ ရှမ်းပြည်သတင်းအချက် အ လက်များ၊ ကျော်အောင်ဘာသာပြန် နေဝင်ဘုရင်များစာအုပ်၊ ကျွန်တော့်မှတ်စုစာအုပ်မှ ရှမ်းပြည်နှင့်ပတ်သက် သည့်အချက်အလက်များနှင့်ရှမ်းပြည်နယ်ဂေဇက်တီးယားစသည်တို့မှာခရီးစဉ်အတွက်ထောက်အကူပြုမည့် လမ်းပြမီးတိုင်များဖြစ်လာလိမ့်မည်ဟုမျှော်လင့်မိသည်။ တောင်ကြီးမြို့မှထွက်ခဲ့သော ကားသည်ကားမောင်းချိန် ၉ အကြာတွင် ကွန်ဟိန်းမြို့သို့ ရောက်သည်။ ညနေ ၅ နာရီထိုးပြီ။ နောက်နေ့မနက် ကွန်ဟိန်းမြို့တွင်လက် ဘက်ရည်ဆိုင်မှာ လက်ဘက်ရည်သောက်ရင်း၊ ရွှေဘိုမြို့နယ်က လက်ဘက်ရည် ဖျော် ကို စပ်စုလိုက်သည်။ ဖျော်ဆရာနာမည်မှာ ပြည့်စုံအောင်ဖြစ်သည်။  စပ်စုကြည့်မိလိုက်သည့်ရလဒ်က တောင်သာနွယ်ဖွား ကိုစိုးဦး၊ မချိုတို့နှင့်အဆက်အသွယ်ရလိုက်ခြင်းပင်ဖြစ်သည်။ သူတို့သည်လည်း ရဲစခန်းအနီးတွင် လက်ရည်ဆိုင်ဖွင့် ထား သူများဖြစ်သည်။ လက်ဘက်ရည်ဆိုင်ဆိုတော့ လူစုံမှာသေချာသည်။ သူတို့နှင့်ဆက်ဆံနေသော၊ သူတို့၏ဖေါက် သည်တို့နှင့် ချိတ်ဆက်မိမှာသေချာသည်မဟုတ်ပါ လော။ သူတို့မှတဆင့် ကွန်ဟိန်းမြို့သစ်တောဦးစီးမှ ဦးစီးနှင့် ဝန်ထမ်းများကိုသိကျွမ်းခွင့်ရခဲ့သည်။ ကျောက်ပန်းတောင်းနယ်သား တောခေါင်းကိုမြင့်အောင်နှင့်သိကျွမ်းရာမှ မြို့နယ်ဦးစီးဆိုသူနှင့် သိကျွမ်းခဲ့ရသည်။ ဦးစီးအမည်မှာ  ဦး စိုင်းအောင်ဖေဖြစ်ပါသည်။ သူသည် ရှမ်းလူမျိုး၊ ကွန်ဟိန်းသည် သူ့ဇာတိ မြေဖြစ် သည်။ သူ့ကိုမြင်ရမှ မိုးမိတ် မြို့နယ်၊ မိုးလိုတွင်ဆုံစည်းခဲ့ဘူးသူပါလားဆို တာ ပြန်လည်သတိရမိပါတော့သည်။ ယခုကျွန် တော်နှင့်သူသည် ကွန်ဟိန်းတွင် ဒုတိယအကြိမ်ပြန်လည်ဆုံစည်း ရ ခြင်းပင်ဖြစ်သည်။ မိုးလိုဆရာတော်အကူညီ သဖြင့် ရွှေလီမြစ် အထက်ပိုင်းမှ ကျူဆာရွာဟောင်း(ကချင်ရွာ) အ ထိ ကျွန်တော်နှင့်ရွှေဥဒေါင်းဘေးမဲ့တောမှ တောခေါင်း ကို ထွန်း ကြယ်တို့ရောက်ခဲ့ကြောင်းပြောပြသောအခါ အန္တရာယ်များသောဒေသသို့ရောက်ခဲ့သဖြင့် သူအလွန်အံ့သြသွားသည်။ ကျွန်တော်တို့နှစ်ယောက် အန္တရာယ် ကြားမှနောက်ကြောင်းပြန်ခဲ့ရသည့်ခရီးစဉ်ဖြစ်ပါသည်။ သွားလိုရင်းက ကျူဆာမှ နမ့်ဆန်သို့ရွှေလီမြစ်ကြောင်း ဆန်တက်ရန်ဖြစ်သည်။

သူသည်ကျွန်တော့်အတွက် တာကော်တံတားရှိသူ့ဝန်ထမ်းများကို အကူအညီပေးဘို့ညွှန်ကြားခဲ့သည်။ ဆက်လက်ပြီး တောအုပ်ကိုအောင်မိုးကြည်နှင့် တောခေါင်း ကိုအေးမင်းအောင် တို့နှင့်သိကျွမ်းခင်မင်ခဲ့ရာမှသူ တို့၏ အကူအညီများ၊ အကြံဥာဏ်များဖြင့် သံလွင်မြစ်ကူး တာကော်တံတားရှိရာ သစ်တောစစ် ဆေးရေးစခန်း သို့ရောက်ခဲ့ရတော့သည်။ ရည်ရွယ်ချက်မှာသံလွင်မြစ်တွင် မည်သို့သောလိပ်မျိုးစိတ်များပျံ့နှံ့ ကျက်စားခဲ့သည်၊ ပျံ့နှံ့နေသည်၊ အခြေအနေမည်သို့ရှိသည်တို့ကိုသိလိုရင်းက အဓိကဖြစ်သည်။ သံလွင်မြစ်ကို နဖူးတွေ့ဒူးတွေ့ မြင်လိုက်ရတော့မှ စုံရန်လည်းမဖြစ်နိုင်၊ဆန်ရန်လည်းမလွယ်သော သဘာဝအတားအဆီးတွေကို တွေ့လိုက်ရ သည်။ Global Mapperမှာဖေါ်ပြထားသောမြေပြင်ပထဝီဝင်အချက်တွေကမှန်ကန်နေပြီဖြစ်သည်။ ရေစီးသန် သော၊ ကျဉ်းမြောင်းသော၊ နက်ရှိုင်းသော ကျောက်စွန်းကျောက်စွယ်တွေပေါသော၊ အသက်အန္တရာယ်ပင်မလုံ ခြုံသော နမ့်ခေါင် ခေါ် သံလွင်အခြေအနေများကို ဝန်ထမ်းများရှင်းပြသဖြင့်သိလိုက်ရသည်။

နောက်ရက်တွင် တာကော်တံတားသို့ရောက်ခဲ့သည်။ မြင့်မားလှသောတံတားအလယ်မှ မြောက်ဘက်    နှင့်တောင်ဘက်သို့ငေးမျှော်ကြည့်ခွင့်ရခဲ့သည်။ တရှိန်ထိုးစီဆင်းနေသောရေစီးသံများကြားရသည်။ သောင်ပြင် ဖွေးဖွေးမြင်ရသည်။ အရှေ့ဘက်သို့ကြည့်သော် တောင်၊အနောက်ဘက်သို့ကြည့်သော်တောင်၊ အနောက် ဘက် တောင်ကုန်းပေါ်တွင်မြန်မာ့တပ်မတော်ကင်းစခန်းရှိနေသည်။ တံတားဂိတ်ဝတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ် ကြပ်ကြီးထိုင်နေသည်။ ယနေ့ သည့ှ်သံလွင်မြစ်အလယ်ပိုင်းကို စတင်မြင်ဘူးခဲ့သည့်နေ့တနေပင်ဖြစ်သည်။ သံ လွင်ရေတို့သည် တောင်ဘက်သို့စီးဆင်းသွားကာ သံလွင်မြစ်ဝမှဘီလူးကျွန်းကို ဦးတိုက်ကာ ပင်လယ်ဆီသို့ စီး မျောသွားတောမှာမဟုတ်ပါလား။ သစ်တောဦးစီးဂိတ်အပါအဝင် ဋ္ဌာပေါင်းစုံပါဝင်သော စုပေါင်းစစ်ဆေးရေဂိတ် သည် တောင်ကြီး-ကျိုင်း တုံအဝေးပြေးလမ်း(အာစီယံလမ်းမ)ကြီးတွင်တည်ရှိနေသည့်သံလွင်မြစ်ကူးတာကော် တံတား၏အနောက်ဘက် ကမ်းပါးယံတွင်ရှိ၍ တည်နေရာမှာ N :21˚13′ 58.5”,E :098˚42′ 41.3”ဖြစ်သည်။ အနီးမှကုန်းပေါ်တွင် ပြည်သူ့တပ်မတော်ကင်းစခန်းရှိသည်။ သစ်တောဦးစီးနှင့်ကျွန်တော်တို့ သားငှက်ထိန်းသိမ်း ရေးအဖွဲ့(WCS) သည် ၁၉၉၃ ခုနှစ်က တည်းက တွဲဖက်လုပ်ကိုင်ခဲ့သူများဖြစ်သဖြင့် သူတို့သည် WCS ကို သိ နှင့်နေပြီးသော သူများဖြစ်သည်။ သို့ရာတွင် သားငှက်ထိန်းသိမ်းရေးဝန်ထမ်းများနှင့်တွဲဖက်၍ အလုပ်လုပ် ခဲ့ခြင်း မျိုးတော့မရှိခဲ့ဘူးချေ။ ကျွန်တော်တို့နှင့် အများဆုံးတွဲဖက်လုပ်ကိုင်ခဲ့သူများမှာ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အမျိုးသားဥယျာဉ်၊ တိရစ္ဆာန် ဥယျာဉ် များဋ္ဌာနများမှ ဝန်ထမ်းများသာလျှင်ဖြစ်သည်။

တာကော်တံတားပေါ်မှ သစ်တောမိသားစုများနှင့်အတူ

နောက်တစ်နေ့နံနက်မှာပင် ကျွန်တော့်တွင်ပါလာသော လိပ်အမျိုးအစားခွဲခြားသည့် စာအုပ်အချို့ကို သစ်တောဝန်ထမ်းများသို့ပေးခဲ့အပြီးတွင် သူတို့နှင့်အတူအခြားဋ္ဌာနမှဝန်ထမ်းအချို့ကို ရှင်းလင်းပွဲလေးလုပ်ခဲ့ သည်။ အဓိက အနေဖြင့်ရေလိပ်နှင့်ကုန်းလိပ်ခွဲခြားတတ်စေရန်အတွက် ဓါတ်ပုံများ၊လိပ်ခွံ များဖြင့်လက်တွေ့ပြ သရှင်းလင်းခြင်းဖြစ်သည်။ နောက်ခြေထောက်သည် ဆင်ခြေထောက်ကဲ့သို့ရှိနေပါက ကုန်းလိပ်များဖြစ်သဖြင့် ရေတွင်မလွှတ်မိစေရန်၊ ရေလိပ်များပါလာက ရေဖျန်းပေးထားရန်၊ ဘဲခြေထောက်ကဲ့သို့ရေယက်များပါရှိက ရေ လိပ်ဖြစ်ကြောင်း၊ယင်းတို့ကိုရေထဲသိုတိုက်ရိုက် ပြစ်ချမလွှတ်ရန်နှင့်ရေစပ် အနီးရှိကုန်းပေါ်တွင် လွှတ်ပြီး သူ့ဖါ သာ ရေထဲသို့ဆင်းသွားစေရန်စသည်တို့ကိုအကျိုးသင့်အကြောင်းသင့် လက်တွေရှင်းပြရသည်။ အဆိုပါရှင်း လင်းပွဲလေးမှ သူတို့၏ဝန်ထမ်းဘဝအတွေ့အကြုံများနှင့်ဒေသအချက်အလက်များမှ တာကော်တံတား သမိုင်း ကြောင်းကို တစွန်းတစသိခွင့်ရလိုက်သည်။

တာကော်တံတားသည် သံလွင်မြစ်ကူးတံတားဖြစ်၍ ၁၉၆၅ ခုနှစ်တွင်တည်ဆောက်ခဲ့ပြီး၊ ၁၉၇၄ ခုနှစ် တွင်ပြီးစီး။ ၉ နှစ်ကြာခဲ့သည်။ အမြင့်ပေ ၁၅၀ တွင် တည်ဆောက်ထားသော တံတားအရှည်မှာ ရ၈၀ ပေဖြစ် သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက တာဝန်ယူဆောက်လုပ်ခဲ့သည်။ မြန်မာအင်ဂျင်နီယာမှုးကြီးမှာ ဦးသန့်ဇင်၊ တရုတ်အင်ဂျင်နီယာအမည်မှာ ဟန်ဝေရှမ်း ဟုသိရသည်။ တံတားတပ်ဆင်မှုအပိုင်းတွင် အနည်းငယ်ကွာဟမှု လေးဖြစ်ခဲ့သည်ကို စစ်ဆေးတွေရှိသည့်အတွက် တရုတ်အင်ဂျင်နီယာမှာ အထက်လူကြီး၏ သတိပေးခံခဲ့ရသ ဖြင့်တံတားအပြီးတွင် အဆိုပါအင်ဂျင်နီယာသည်သူ့ ဖါသာသူ အဆုံးစီရင်သွားသည်ဟုသိရသည်။ တံတားသက် တန်းမှာ ၁၉၇၄ ခုနှစ်မှ ရေတွက်သော် ၄၂ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ သက်တန်းလွန်တံတားတစင်းဖြစ်သော်လည်း အသက်ဆက်လက်ရှည်နေဆဲပင်ဖြစ်သည်။ ရှည်လျားမြင့်မားသည့်တံတားကြီးဖြစ်ခြင်းကြောင့် ကားကြီးများ သွားသည့်အခါ တုံခါနေသည်မှာသိသာလှသည်။ ကျွန်တော့်အနေ နှင့်”တာကော်”ကို Lords of The Sunset, Maurise Collis (နေဝင်ဘုရင်များ၊ ကျော်အောင်) ဖတ်ခဲ့စဉ်ကပင် မမြင်ရခင်ကတည်းက ရင်းနှီးနေခဲ့ပြီးသော ရွာနာမည်ဖြစ်ပါသည်။ တာကော်ဆိုသည်မှာ ယခုတံတားဆောက်ထားသည့်နေရာနှင့် သိပ်မဝေးသောနေ ရာ တွင်ရှိခဲ့သည် သံလွင် အနောက်ဘက်ကမ်း မှကူးတို့ကူးသည့် နေရာ၊စခန်း၊ ရွာနာမည်ဖြစ်သည်။ ။ တာကော်ရွာ သို့မဟုတ် တာကော်စခန်းသည် ဟိုယခင်ကတည်းကရှိနေသော အမည်နာမတခုဖြစ်နေသဖြင့် ယခုတံတား အမည်ကိုပင်ရှေးမူမပျက် “တာကော် သံလွင်တံတား” ဟုအမည်ပေးခြင်းက နှစ်သက်ဘွယ်ရာ၊ မြတ်နိုးဘွယ် အလွန်ကောင်းပါသည်။

ယခင်က အနောက်ဘက်ကမ်းမှ အရှေ့ဘက်ကမ်းသို့ ပေ ၅၀ ခန့်မှသွယ်တန်းထားသည့် သံမဏိကြိုး ပေါ်တွင် ပူလီဘီးတပ်ဆင်ထားပီး ၊ယင်းပူလီဘီးများမှ သံမဏိကြိုးများကို ဖေါင်နှင့် ချိတ်ဆက်ထားသည်။ ရေစီး အားဖြင့်ဖေါင်ကို တဖက်ကမ်းမှအခြားတဖက်ကမ်းသို့ တွန်းပို့ပေးသော ကူးတို့ယာဉ် ဖြစ်သည်။ ရွာဟောင်းရှိခဲ့ သည်နေရာတွင် စေတီတဆူသာလျှင်ကျန်ရစ်နေတော့သည်ဟုသိရသည်။”တာကော်” ဆိုသည်မှာ ရှမ်းစကား လော၊ ပလောင်စကားလော၊ တရုတ်စကားလောဆိုသည်ကိုမူ ကျွန်တော်စူးစမ်းရဦးမည်ဖြစ်သည်။

တာကော်တံတားမှ စကားဝိုင်း

ပြန်မည့်ရက် နံနက်စောစော တာကော်တံထိပ်တွင် ခိုလန်သို့ နောက်ကြောင်းပြန်ရန် ကားစောင့်နေရင်း က သစ်တောဝန်ထမ်းများနှင့် စကားပြောရင်း လင်းတတွေကိုမြင်ဘူးခြင်းရှိမရှိ ကျွန်တော်မေးလိုက်သည်။

လဒပေါတယ် ဒီနယ်ဘက်မှာ၊ မနှစ်တုံးဆီက ဒီကိုအလာ၊ ကားလမ်းဘေးမှာ တစ်အုပ်ကြီး၊ စီး လာတဲ့ မော်တော် ဆိုင်ကယ်နဲ့လိုက်တိုက်တာ ခုံဆွ၊ခုံဆွနဲ့ပြေးကုန်တော့တာဘဲ၊ ပြေး ၊ပြေးပြီး အားယူပြီးမှ ပျံနိုင်တာ လေဟု ကိုအေးမင်းအောင်ပြောလာသည်။

ဘယ်နေရာမှာလဲ၊

ခိုလန် မြို့၊ အရှေ့ဘက်အထွက်မှာ၊

မင်္ဂလာ သတင်းတပုဒ်ကြားရသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာပြည် ၏ အလွန်အရေးပါသော ဇီဝ မျိုးစုံတည်ရှိရာဒေများ (Key Biodiversity of Myanmar) တွင်ပါရှိသည့် နမ့်ဆန် ရှိုမြောင် ချိုင့် ဝှမ်း (Namsang  Valley)အတွင်း ခိုလန်ပါဝင်နေခြင်းကြောင့်ဖြစ်သည်။ ခိုလန်တွင် ခရီးတစ်ထောက်နားက လင်းတလေ့လာရပေ ဦးတော့မည်။

လေယာဉ်ပျံလို အရှိန်ယူပြီး ကောင်းကင်ကို ပျံရတာ၊ ဆင်းမယ်ဆိုရင် လည်းမြေပြင်မှာ အရှိန်သတ် ဆင်းရသလိုလုပ်ရသေးတာ၊

ဟုတ်တယ်၊ ဟုတ်တယ်၊

သူတို့စားဘို့ အစာပေါလို့ လင်းတတွေပေါနေတာလား၊

မကြာခဏ သေတဲ့ ကျွဲတွေ၊ နွားတွေရှိနေပါတယ်။ မိုးဦးကျမှာ အသေများပါတယ်၊ ခွာနာ၊ လျှာနာ ကြောင့်ဖြစ်မယ်၊

အသေကောင်ရှိရင် သူတို့ရောက်လာကြတယ်။ သူတို့ဘယ်လိုများသိကြလဲ၊ အပုတ်နံ့ကြောင့်လား မသိ ဘူးနော်၊အဝေးနေမြင်လောက်အောင်ပင်အမြင်အားကောင်းသလားနော။ ကျွန်တော့်အမေးကြောင့် ခေတ္တတိတ် ဆိတ်သွားတယ်။

လင်းတရဲ့ဆရာက ကျီးကန်းတွေလို့ပြောရမယ်ထင်တယ်။ စကားဝိုင်းထဲသို့ဝင်ပြောလာသူမှာ အခြား ဋ္ဌာန ကဖြစ်သည်။

အသေကောင်ကို စတွေ့တာက ကျီးကန်းတွေပါ။ ကျီးအုပ်တွေက လူတွေနဲ့အနီးဆုံးရှိနေကြတာ။ ကျီး ကန်းတွေ အုပ်စုအော်လိုက်ဟစ်လိုက်တရုံးရုံးစားနေတာကို ကောင်းကင်ကဝဲ ပြီးအောက်ကိုကြည့်နေတဲ့ လဒ ကမြင်ပြီး၊ ကျီးအုပ်စုရှိရာဆင်းကာ၊ ဝင်လုစားတော့ အကောင်ငယ်တဲ့ ကျီးကန်းတွေ ဘေး ဖယ်ပေးလိုက်ရ တာ ပါဘဲ။ လဒ တွေရဲ့လမ်းပြဆရာက ကျီးကန်းတွေ၊ ဇရက်တွေဖြစ်တယ်။ အကောင်တော်တော်ကြီးတဲ့ လဒတွေ က ကျီးတွေ၊ဇရက်တွေရဲ့ အစာကို လုစားတာ၊ စားခွက် လုတာ။ ကျီးတွေ စားခွက်ပျောက်၊ ခွက်ပျောက်ရော.. ဟား ဟား၊

သူ့၏ရှင်းပြချက်မှာ အလွန်မှတ်သားစရာကောင်းသည်။ စားခွက်ပျောက်ခြင်း၊ စားခွက်လုခြင်းတို့သည်  နေရာတိုင်းမှာရှိနေသည်မဟုတ်လော။

အကောင်ကြီးဆို၊ တော်တော်ကြီးတာ။ အတောင်တစ်ဖက်က ၈ ပေ၊၉ ပေလောက်ရှိပီး အချိန် ၆ ပိသာ ၇ ပိသာရှိဆိုဘဲ။

ဘာဖြစ်လို့ လဒတွေ မြင်ဘူးခြင်ရတာလဲ၊

ဒီဒေသမှာလင်းတတွေရှိ၊ မရှိဆိုတာ ငှက်ပညာရှင်တွေကို ပြောပြဘို့အတွက်ပါ၊ရှိခြင်း၊မရှိခြင်းဆိုတာက လည်းသုတေသနရလဒ်တခုပါဘဲ မဟုတ်လား၊

လဒနှင့်ပတ်သက်၍ အကောင်းမမြင်သူတွေများသည်။ ခေတ်အဆက်ဆက်ကပင်။ ရုပ်အဆိုးတကာ့ထိပ်ခေါင် ဆိုပီး ဝိသေသပြုခံရတဲ့ငှက်ရုပ်ဆိုကြီး။ လဒလောက်တော့ ငှက်တိုင်းလှတယ်ဆိုသောစကားဖြစ်သည်။

အပုတ်အသိုးစားတဲ့ထဲမှာ ကျွန်တော်တို့လူသားတွေက ထိပ်တန်း၊ အသားပုတ်၊ အသီးပုတ်၊ အပုတ် စားတာခြင်းအတူတူ လဒ တွေကို လက်ညှိုးထိုးနေတာ၊

ဟုတ်လိုက်လေဗျာ၊ ငပိ၊ ငံပြာရည်၊ ငါးပတ်ပုတ်ပုတ် ငရုပ်စပ်စပ်….

စေတီ၊ဘုရား၊အိမ်ပေါ်လဒနားတာမပြောနဲ့အိမ်နားတစ်ဝိုက်လဒနားတာမနှစ်သက်ရုံမက အိမ်ခေါင်းမိုး ပေါ်က ဖြတ်ပျံသွားတာတောင်မကြိုက်၊ကြမ္မာဂြိုလ်ဆိုးတွေဝင်လာတတ်တယ်ဆိုပီးမောင်းထုတ်ကြတာ။ နောက်ဆုံး တိုတိုပြောရရင် သင်္ချိုင်းကလူသေမြေပုံပေါ်နားမယ်ဆိုရင်တောင်သေသူနဲ့ဆွေမျိုးမကင်းတဲ့သူတွေ က မကြိုက်ကြဘူး။

တကယ်တန်းဆို ကျွန်တော်တို့ခေါင်းပေါ်ကောင်းကင်ကနေပြီး ကမ္ဘာအနှံ့ဖြတ်ပျံနေတဲ့ လဒတွေရှိ နေတာဘဲ၊

ရှမ်းပြည်ဘက်ကတော့ လဒတွေကတော့ ဘယ်အချိန်ကမ္ဘာပတ်သလဲတော့ မသိဘူး၊ အမြဲဒီမှာ တွေ့ နေရသလိုဘဲ၊

ကမ္ဘာပတ်တဲ့လဒကတော့ ဟိမဝန္တာလဒတွေဖြစ်သတဲ့၊ အတောင်တဖက် ပျမ်းမျှ ၁၀ ပေလောက်ရှိ၊ အလေးချိန် ပိသာ ၆၀ လောက်ရှိတယ်လို့ကြားဘူးတယ်။

အခုခိုလန်နဲ့ မိုင်းပြင်းဘက်မှာတွေ့ရတဲ့အကောင်က အဲသလောက်မရှိဘူး၊

အဲဒါက လဒကျောဖြူ နဲ့ လဒခေါင်းနီဖြစ်လိမ့်မယ်၊ ပျံရင်း အောက်ကိုပြုတ်ပြုတ်ကျလာတယ်ဆိုတဲ့အ ကောင်တွေက ဟိမဝန္တာလဒတွေဖြစ်တယ်၊ခေါင်းဖြူတယ်လို့သိရတယ်။ ကျနော်အနီးကပ်မြင်ဘူး၊ကိုင်ကြည့်ူ ဘူး တယ်။ ၃ ကောင်တောင်။ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ဘက် ကျလာတဲ့အကောင်တွေကို မန္တလေး၊ ရ တနာပုံ တိရစ္ဆာန်ဥယျာဉ်လာပို့လို့၊အဲဒီကဝန်ထမ်းတွေဆေးကုပေးခဲ့ရ တုံးကအနီးကပ်မြင်ဘူးခဲ့တာ၊ကိုင်ကြည့်ခဲ့ ဘူးတယ်။ အခြားနေရာမှာလဲ ကျလာတယ်ဆို တဲ့သတင်းတွေ ဂျာနယ်တွေမှာ ဖတ်ရတယ်။

ရွှေတိဂုံဘုရားပေါ်နားတာဂျာနယ်တွေမှာဖတ်ရတယ်၊ ဟောကိန်းတွေလဲဖတ်ရတယ်၊

သုတေသီပြောပြတာက သူတို့ဟာ ကမ္ဘာပတ်လေစီးကြောင်းအတိုင်း ကမ္ဘာအနှံ့သွားနေတာ၊ စားကျက် ရှာရင်း၊ အစာရှာရင်းအုပ်စုလိုက်ပျံသန်းရင်း အစာအဟာရ နဲ့ကျန်မာရေးတခုခုကြောင့် အောက်ကိုနားဘို့ ဆင်း လာတယ်လို့ပြောပါတယ်။ သူတို့ဟာမြင့်လဲမြင့်၊ အန္တရာယ်လည်းကင်းပြီး အဝေးကမြင်ရတဲ့ တောက်ပြောင်နေ တဲ့ ရွှေတိဂုံစေတီရဲ့ငှက်ပျောဖူးဘေးဘက်ကိုလာနားကြတော့တာ။ အမောဖြေ၊ ခဏအနားယူလာကြတာ။ သူ တို့အဆိုက ဟိမဝန္တာလဒတွေလို့သိရတယ်။ Himalayan Griffon; Gyps himalayensis  လို့ခေါ်ပါတယ်။ ရွှေ တိဂုံစေတီမှာ လဒ ၆ ကောင်တောင်လာနားခဲ့တယ်။အတိတ်တွေ၊နိမိတ်တွေကောက် လိုက်ကြတာတွေကို ဂျာ နယ်တွေမှာဖတ်လိုက်ကြရတယ်မဟုတ်လား။ ဒါပေမယ့် တိုင်းပြည်ကြီးကျွမ်းထိုးမှောက်ခုံမဖြစ်ခဲ့ပေါင်ဗျာ။ ရွှေ တိဂုံမှာ လဒနားတဲ့ခုနှစ်က ၂၀၁၂ ဒီဇင်ဘာဖြစ်ပါတယ်။

ထိုစဉ် မှန်လုံယာဉ်ငယ်တစီးကျွန်တော်တို့နှင့်မလှမ်းမကမ်းတွင်ရပ်လာသဖြင့် ကျွန်တော်တို့စကားဝိုင်း တိတ်ဆိတ်သွားရတော့သည်။ အားလုံးကိုခွဲခွာရန် အချိန်ကြရောက်ခဲ့ပြီဖြစ်သည်။ အဆိုပါကား နှင့်ပင်ခိုလန်သို့ ကျွန်တော်လိုက်ပါနိုင်ရန် ကိုအေးမင်း စီစဉ်ပေးလိုက်တော့သည်။” ခို” ဆိုသည်မှာ တံတား ၊”လံ”ဆိုသည်မှာအမဲ ရောင်၊ အနက်ရောင်။ အမဲရောင်တံတားရှိရာ ခိုလန်သို့ကျနော်နောက်ကြောင်းပြန်လှည့်ခဲ့တော့သည်။ ရည်ရွယ် ချက်မှာ လင်းတများကိုရှာဖွေရန်နှင့် ဓါတ်ပုံရိုက်ရန်ဖြစ်သည်။ တဖက်တလမ်းမှနေပြီး လုပ်ဖေါ်ကိုင်ဖက် ငှက်ချစ် သူများကို သတင်းပေးနိုင်ဘို့ပင် ဖြစ်ပါသည်။ သံလွင် သို့မဟုတ် နမ့်ခေါင်၊ နမ့်ဆိုသည်မှာ”ရေ”၊ ခေါင်ဆိုသည် မှာ အဖြူရောင်၊ဖြူစင်ခြင်း၊ စင်ကြယ်သော မြစ်သံလွင်မှခွဲခွာလိုက်ရတော့ပြီ။

ကားမောင်းချိန် ၄၅ မိနစ်အကြာတွင် ကွန်ဟိန်းမြို့မှ နမ့်ပန်တံတားအ ဝင်စစ်ဆေးရေးဂိတ် လေးသို့ ရောက်ခဲ့သည်။ ကွန်ဟိန်း-တာကောတံတားမှာ ၂၈ မိုင်ဖြစ်သည်။ နမ့်ပန်ချောင်းတွင် တည်ရှိနေသော ကျွန်း များကို မူတည် ၍ ကွန်ဟိန်းတံတားကို တည်ဆောက်ထား သဖြင့် ၁၁၈၅ ပေရှိသော ကွန်ဟိန်းတံတားတွေ ခပ် ကွေးကွေး၊ ခပ်စောင်းစောင်းအနေအထားဖြစ်နေပါသည်။ နမ့် ဆိုသည်မှာ”ရေ”၊ ပန် ဆိုသည်မှာ”ချောင်း”။ ရေ ချောင်း၊ ချောင်းရေဟုအဓိပ္ပါယ်ရသည်။  မြစ်အတွင်းမှ ကျွန်းများ၊ ကျောက်ဆောင်များ အလွန်ပေါများသည်ကို ကွန်ဟိန်းတံတားက သက်သေခံနေပါသည်။ “ကွန်” ဆိုသည် မှာ”ကျွန်း”၊ “ဟိန်” ဆိုသည်မှာ သင်္ချာဂဏန်း “ထောင်” ဖြစ်သည်။ ထောင်နှင့်ချီ၍ ပေါများ သောကျွန်းများရှိသောနေရာ၊ ” ကျွန်းထောင်မြို့”ဟု ဘာသာပြန်ရ မည်ထင်သည်။

နမ့်ပန်တံတားပေါ် သို့မော်တော်ကားဖြတ်မောင်းလာစဉ် လက်ဝဲဘက်ခြမ်းမှတောင်ပေါ်တွင် တည်ထား သော ရွှေတိဂုံ စေတီပုံစံ”မဟာကမ္ဘောဇပြည်ငြိမ်းအေးစေတီ”ကိုတွေ့ရသည့်ပြင် တံတားအောက်မှရေပြင်တွင် ယခင်အသုံးပြုခဲ့သော သစ်သားတိုင်အဟောင်းများကိုလည်းတွေ့အစီအရီ၊အတန်းလိုက်တွေ့နေရဆဲဖြစ်သည်။

ခိုလမ်မြို့

ယနေ့သည်၂၈ ရက် ၊မတ်လ ၂၀၁၆ ဖြစ်သည်။ အပူပိုင်းဇုံသို့ရောက်နေသလားထင်မှတ်ရသည်။ မြင် ကွင်းတွေ ခြောက်သွေ့၊ ကောင်းကင်ကြည်လင်နေသော်လည်း လွင်တီးခေါင်ပြင်မှာ ခရီးသွားနေရသည် သဖြင့် နေပူရှိန်ပြင်းသည်မှာ အလွန်သိသာပါသည်။ လမ်းဘေးဝဲယာတို့တွင် အရိပ်ရပင်လေးများစိုက်ဘို့လိုအပ်နေ သည်။ နံနက် ၁၀ နာရီတွင် ခိုလန်မြို့သို့ရောက်သည်။ ကားခ ၁၀, ၀၀၀ ကျပ်ပေးချေခဲ့သည်။ ငွေစပါယ်တည်းခို ခမ်းမှာတည်းခဲ့သည်။ တရက် ၃၀၀၀ ကျပ်။ ခေတ္တခဏမျှပင် မနားတော့၊ ပိုင်ရှင်ဦးခင်ကျော်စီစဉ်ပေးမှုဖြင့် မြို့ ပတ်ဝန်းကျင်လေ့လာနိုင်ရန်ဆိုင်ကယ်သမား ကိုဝင်းဆန်းနှင့်ထွက်ခဲ့သည်။ နေ့လည် ၁ နာရီခန့်ရှိနေပြီဖြစ် သည်။ ခိုလန်သည် တောင်ကြီးမှ ၂၁၅ မိုင်တွင်ရှိသည်။ ရှမ်းမြောက်၊ ရှမ်းအနောက်၊ ရှမ်းတောင်၊ ရှမ်းအရှေ့ဟု ခွဲခြားပြောသော်ခိုလမ်သည် ရှမ်းအလယ်ဟုဆိုရမည်ဖြစ်ပြီး ကွန်ဟိန်းနှင့် နမ့်စန်မြို့ကြားတွင်တည်ရှိသည်။

ခိုလန်မြို့သည် အနောက်ဘက်ရှိ နမ့်စန်၊ မြောက်ဘက်တွင် မိုင်းရှုး၊ တောင်ဘက်၌ ကျိုင်းတောင်း၊ အ ရှေ့မှာကွန်ဟိန်းမြို့များသို့သွားနိုင်သော လမ်းဆုံမြို့ဖြစ်သည်။ တည်နေရာမှာ N,21˚06′ 01.6”, E, 098˚13′ 04.4” ဖြစ်ပါသည်။ လမ်းဆုံရှိလမ်းညွှန်ဆိုင်းဘုတ်ရှေ့တွင် ဓါတ်ပုံရိုက်ခဲ့သောအခါတွင် လမ်းညွှန် ဆိုင်းဘုတ်၌ခ ရီးအကွာ အဝေးကိုဖေါ်ပြမထားသဖြင့် စိတ်မသက်မသာဖြစ်ရသည်။ ဆိုင်ကယ်နောက်မှလိုက်ပါလျှက် ကောင်း ကင်သို့မ ကြာခဏမော့ကြည့်ရင်း မြို့အရှေ့ဘက် ၃ မိုင်ခန့်အကွာအဝေး အရောက်တွင် နောက်ခံမိုးပြာရောင်၌ အမဲစက် သုံးလေးစက်ခန့်ကိုတွေ့လိုက်ရသည်။ ဆိုင်ကယ်မောင်းနေသော ကိုဝင်းဆန်း၏ ပုခုံးကို ဖျစ်ညှစ်ခါသ တိပေးလိုက်ရသည်။

ကောင်းကင်မှာ စွန်တွေ တွေ့နေရတယ် ကိုဝင်းဆန်း၊

ကိုဝင်းဆန်းသည် ဆိုင်ကယ်ကို လမ်းဘေးသို့ထိုးရပ်လိုက်ပီး ကျွန်တော်လက်ညှိုးညွှန်ရာသို့ ကြည့် လိုက်သည်။

စွန်တွေမဟုတ်ဘူး၊ ဆရာတွေ့ခြင်တဲ့အကောင်၊ လဒတွေဘဲ၊

အဖြေစကားက ဝမ်းမြောက်ဘွယ်သတင်းပင်ဖြစ်သည်။ လဒတွေတွေ့ပြီ။

ကြည့်နေရင်းမှာပင် လေထဲတွင် ဝေ့ကာဝိုက်ကာဖြင့် အထက်သို့ပျံတက်ကာ၊ အရှေ့မြောက်ဘက်ဆီသို့တရွေ့ ရွေ့သွားနေတာကို တွေ့ရသည်။ သူတို့ပျံသွားသည် နေရာတွေက တောင်တန်းတွေဘက်ဆီသို့ဖြစ်သည်။ ကို ဝင်းဆန်းပြောလာ သည်မှာ

နောင်ဖါကန်ကျော်ကျော်လောက်မှာ သူတို့ရှိလိမ့်မယ်ထင်တယ်၊ ထင်တာပြောတာနော်၊

နောင်ဖါ ဟုတ်လား၊ တော်တော်ဝေးသလား၊

နောင်ဖါဆိုတာ တောင်ပေါ်အင်းကြီးပါဘဲ။ မန္တလေးမြို့က ဦးပိန်တံတားပေါ်ကလမ်းလျှောက်ပြီး ရေ လယ်ကျွန်းက စေတီရှိရာကို သွားရတယ်၊ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကစပြီး အဲဒီကို သွားလို့ရခဲ့တာ၊

ဟိုတုံးက ဘာဖြစ်လို့လဲ၊

နယ်မြေမအေးချမ်းလို့လေ၊ အခုတော့ သင်္ကြန်ဆိုရင် သိပ်စည်ကားတဲ့နေရာ တနေရာဖြစ်နေပါပြီ၊

ကဲဗျာ..လဒမရှိမရှိသွားကြည့်မယ်၊ မတွေ့ရလဲ ဘုရားဖူးပြန်ရုံပေါ့၊ အဲဒီသွားရအောင်၊

နောင်ဖါကန်ကြီးသို့

ဆက်လက်မောင်းလိုက်သောအခါ တောင်ကြီး-ကျိုင်းတုံလမ်းမကြီးမှ လက်ယာဘက်သို့ခွဲသွားသော မြေနီလမ်းမသို့ချိုးကွေ့လိုက်သည်။ လမ်းဆုံနေရာတွင် ရှမ်း-မြန်မာဘာသာဖြင့်ရေးထားသော ဆိုင်းဘုတ် ၂ ခု နှင့် ဗုဒ္ဓသာသနာအလံထူထားသော အလံတိုင် ၃ ခုကိုတွေ့ရသည်။ မြေနီလမ်းသည် တောင်ကုန်းပေါ်သို့ ခပ် ပြေပြေတက်သွားသည်။ အတက်အဆင်းကြမ်းတမ်းမှုမရှိ။  ခြံလုပ်ငန်းလုပ်ကိုင်နေသူ ပလောင်တိုင်း ရင်းသားတ ချို့ကိုတွေ့ရသည်။ တနေရာအရောက်တွင် ကုန်းထိပ်မှတဖြည်းဖြည်းခြင်းဆင်းလာရသည်သဖြင့် အင်းဘက်သို့ ဆင်းနေသည်ကို သတိပြုမိသည်။ သစ်ပင်အုပ်ဆိုင်းဆိုင်းကိုကျော်လိုက်သောအခါ အဝေးမှကျွန်းကလေးရှိရာ သို့  သွယ်တန်းဆောက်လုပ်ထားသော တံတားရှည်ကို နောက်ခံတောင်တန်းများနှင့်တွေ့လိုက်ရသည်။ တပြိုင် တည်းမှာပင် မြောက်ပြန်လေနှင့်အတူ၊ စူးရှလှသောအပုတ်နံ့များ နှာခေါင်းထဲသို့တိုးဝင်လာသည်က ကျွန်တော့် ကိုကြိုဆိုသောနိမိတ်ကောင်းအနံ့ပင်ဖြစ်သည်။ အနှေးနှင့်အမြန် လင်းတတွေကိုတွေ့ရမှာသေချာသွားသည်။ သူတိုကြိုက်သော အစာသည်အနီးအနားတွင်ရှိနေပြီမဟုတ်ပါလော။

ကျွန်တော်တို့ဆိုင်ကယ်သည် ရေလည်ကျွန်းသို့သွားရမည့် တံတားဦးအနီးမှ တဲကြီးရှိရာသို့မောင်းခဲ့ သည်။ အဝေးမှကမ်းစပ်မျက်တောတွင် လင်းတတစ်အုပ်၊ ခန့်မှန်း ၁၀ ကောင်ခန့်လှုပ်လှုပ်ရွရွဖြစ်နေသည် ကို လှမ်းမြင်ရသည်။ ယခုကျွန်တော်တို့ရှိသည့်နေရာမှသူတို့ရှိရာသို့သွားမည်ဆိုပါက ကျွန်တော်တို့ကိုမြင်၍ပျံ သွား မည်ဖြစ်သဖြင့် အဆိုပါရည်ရွယ်ချက်ကို ဖျက်လိုက်သည်။ ကုန်းပေါ်ရှိသစ်ပင်အကွယ်မှချောင်းရိုက်မည်ဆိုပါက ဖြစ်နိုင်ဘွယ်များသဖြင့် ကိုဝင်းဆန်းသည် ကျွန်တော့်ကင်မရာကိုယူကာမော်တော်ဆိုင်ကယ်ဖြင့်ထွက် သွား တော့သည်။ နောင်ဖါကန်သည် N, 21 ̊  09 ‘ 04.5 “, E, 098 ̊ 13 ‘ 04.4 “, ဖြစ်ကာ ပင်လယ်ရေမျက်နှာပြင် အထက် ၂၉၁၅ ပေတွင် တည်ရှိနေကြောင်း G.P.S က ညွှန်ပြနေ သည်။ ဤ နောင်ဖါကန်သည် ခိုလမ်မြို့မှ (၆)မိုင်ခန့်ဝေးပါသည်။

ကျွန်တော်သည် ဝယ်လာသောထမင်းထုပ်ကိုဖွင့်ကာ တဲအောက်မှ ပျဉ်ပုံ၊ဝါးပုံပေါ်တွင်ထိုင်စားနေရင်း ကိုဝင်းဆန်းရှိရာသို့ငေးကြည့်လိုက်တော့သည်။ သစ်ပင်တောတန်းရှိရာသို့ သူရောက်သွားပြီ။ မကြာမီ လင်းတ တွေသည် မြေပြင်တွင်ပြေးကာ၊ပြေးကာအရှိန်ယူရင်း တောင်ဘက်အရပ်ဆီသို့ခပ်နိမ့်နိမ့်ပျံသွားသည်ကို မြင် လိုက်ရသည်။ သူတို့သည် အခြားငှက်များလို ရုတ်တရက်ထပျံနိုင်ခြင်းမရှိပေ။ ဓါတ်ပုံရိုက်နည်းကို ချက်ချင်း သင် ပေး ကာရိုက်ခိုင်းလိုက်ရသဖြင့် အခြေအနေမကောင်းလောက်ပေ။ သူပြန်ရောက်လာသောအခါသူ ရိုက်ခဲ့ သည့် ဓါတ်ပုံများကိုအနီးကပ်ချဲ့ကြည့်လိုက်ရာ အုပ်စုလိုက်ရှိနေသော လင်းတဓါတ်ပုံတစ်ပုံမှာဝေးနေသော်လည်း လင်းတများဖြစ်ကြောင်းခိုင်လုံသည်ဖြစ်ခြင်းကြောင့် ကြိုပမ်းရ၊ပင်ပန်းရကြိုး၊ သုတေသနလုပ်ရ ကြိုးနပ်ခဲ့တော့ သည်။ ဤသည်က ကိုယ့်အတွေးဖြစ်ကာ အခြားသူများ ကိုပြပါက လင်းတဆိုတာသိနိုင်ပါ့မလားဆိုတာ ပူမိပြန် သည်။

တခဏတာနားနေပြီးနောက် ကျွန်တော်တို့ ၂ ယောက်သည် လျှောက်လမ်းတံတားအတိုင်းကျွန်းအ လယ်ဆီသို့သွားခဲ့သည်။ တံတား အရှည်အား ဖြင့်(၁၃၆၂) ပေ ခန့်ရှိသည်။  နောင်ဖါသစ်သားတံတားသည် စစ် ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ရွှေလီမြစ်နှင့် ဧရာဝတီမြစ်တို့ဆုံသည့် အင်းရွာနှင့်ပေလမ်းကုန်း ရွာကို ဆက် သွယ်ထားသည့် ရွှေဘုံရွှေနန်းတံတားသစ်သား နှင့် ဦးပိန် သစ်သားတံတားတို့အောက်များစွာငယ်ရွယ် ပါသည်။ ရွှေဘုံရွှေ နန်းတံတားမှာ ၅၅၅၈ ပေဖြစ်ကာ ဦးပိန်တံတားမှာ ၃၉၇၆ ပေဖြစ်ကြသည်။ ရွှေဘုံရွှေနန်းသစ်သား တံ တား တည်ဆောက်မှုသည် အဖိုးတန်သစ်များကို ဖြုံးတီး ရောက်စေခဲ့ပြီ။ အနီးပတ်ဝန်းကျင်မှ ကျွန်းတောကြီး သည်တောပြောင်ကာ၊ ကြံတော၊ ကြံစိုက်ခင်းအဖြစ်သို့ပြောင်းလဲစေခဲ့ပြီ။ သစ်သားတံတားဖြစ်သည့်အ တွက်အ မြဲအစားထိုးပြုပြင်နေရမှာဖြစ်သဖြင့် ယင်းတံတားထက်ကောင်းသောမြေသားလမ်းကိုဖေါက်ဘို့စဉ်းစား ခဲ့ရမှာ ဖြစ်သည်။

နောင်ဖါသစ်သားတံတားအဆုံးတွင် မြေသားကုန်းမြေပေါ်တွင် ယာယီဆောက်လုပ်ထားသော သံဃာ ဆောင် တစ်ဆောင်တွင် ရဟန်း ၂ ပါးကိုဖူး တွေ့ရသည်။ တစ်ပါးသော ရဟန်းမှာ ခိုလန်ဇာတိ၊ဘုန်းတော် ကြီး ဦးအာစရ ဖြစ်၍ ဦးအာစရမှပင် နောင်ဖါကန်သမိုင်း ကြောင်းကိုရှမ်းသံဝဲဝဲဖြင့် ရှင်းပြသည်။ ကျွန်တော်တို့၏ လာ ရင်းကိစ္စကိုလျှောက်တင်ပါသည်။၊

ဒကာတို့အခုမြင်ခဲ့တဲ့အုပ်စုက တကယ့်နည်းနည်းလေး၊ အကောင် ၁၀၀ ကျော်ရှိတယ်.. များများ တွေ့ခြင်ရင် ၉ နာရီ ၁၀ နာရီလောက်လာခဲ့အုံး၊

ကြက်သိမ်းမွှေးသိမ်းထစရာကောင်းလောက်အောင်ပင်များလှချေလားဟု ကိုယ့်ဖါသာကိုယ်မေးမိသည်။

ဦးဇင်းသည် နောင်ဖါနှင့်ပတ်သက်သည့် သမိုင်းကြောင်းများကို ရှမ်းသံဝဲဝဲဖြင့်ရှင်းပြသည်။ အဖြစ်အ ပျက်တွေသည် ဒဏ္ဍာရီတွေနှင့်ရစ်ပတ်ဖွဲ့နှောင်နေတော့သည်။ ကန်၏ဘေးပတ်ပတ်လည်တောင်တန်းများ၏ အ လယ်ချိုင့်တွင် ဖြစ်ပေါ်နေသော တောင်ပေါ်ရေကန်ကြီးဖြစ်သည်။ နောင်ဆိုသည်မှာ “အင်း” ဖြစ်၍ ဖါ ဆိုသည် မှာ”ကမ်းပါး” ဖြစ်သည်။ ကမ်းပါးအင်းဟု အဓိပ္ပါယ်ပြန်လို့ရမည်ထင်သည်။ ကန်၏အရှေ့ဘက်က လွိုင်ဟော် တောင်တန်းဖြစ်သည်။ အလျား ၁၀ မိုင်၊ အနံ ၁မိုင် ခွဲရှိပါသည်။ ကန်၏ရေလယ်ကျွန်းတွင် စေတီဟောင်း တစ် ဆူရှိနေပါသည်။ စေတီအားချုံနွယ်နှင့် ညောင်ပင်များပေါက်ရောက်ဖုံးလွှမ်းခဲ့ကြောင်း စေတီပေါ်အုတ် ရိုးများအ တွင်းတိုးဝင်ခဲ့သည့် အမြစ်ခြောက်တို့ ကသက်သေထူနေသည်။ သာသနိကအဆောက်အဦအသစ်များ ကိုလည်း တွေ့ရသည်။ ကန်ပတ်လည်သို့ လှည့်ပတ်ကြည့်ရှုနိုင်ရန် ၁၀ ယောက်စီး၊စက်တပ်လှေအချို့ကိုတွေ့ရ ခြင်းက နောင်ဖါကန်ပြန်စည်ကားစပြုနေသည်ဆိုသည့် မျက်မြင်သာဓကများပင်ဖြစ်သည်။ ကျွန်တော်တို့သည် ကန်ပတ် လည်လှည့်ပတ်ကြည့်ရှု့လိုသော်လည်း အချိန်နှောင်းနေပြီဖြစ်သည်။ နေဝင်ချိန်နီးခဲ့ပြီ။

နောင်ဖါအင်းမှ အမဲရောင်တံတားမြို့အပြန်

ယနေ့အဖို့ လဒတွေ့သည်အထောက်အထားရရှိလိုက်ခြင်းက သစ်တောဦးစီးဋ္ဌာနနှင့် အခြားအဖွဲ့တွေစု ပေါင်းပြုစုထားသော Key Biodiversity of Myanmar စာရင်းပါဝင်သည့် Namsang Valley တွင် လင်းတများ အုပ်စုလိုက်ရွှေ့ပြောင်းကျက်စားလျှက်ရှိနေကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS) က ငှက်ကျွမ်းကျင် ကို သက်ဇော်နိုင် နှင့် ရောဘတ်တီဇက်၊အခါအခွင့်သင်ပါက ကိုနေမျိုးရွှေတို့ကို ပြသနိုင်တော့မည်ဖြစ်သဖြင့် ရွှင် လန်းမိပါသည်။ လဒခေါင်းနီလား၊ ခေါင်းဖြူ လား ဆိုတာကိုတော့ သူ တို့ခွဲခြမ်းစိတ်ဖြာကြပါလိမ့်မည်။ အထူး အားဖြင့် ကျွန်တော့်အား လမ်းညွှန်မှုအဓိကပေးခဲ့သော ကိုအေးမင်းအောင်ထံသို့ သတင်းပို့ရင်း၊ ကျေးဇူးတင်စ ကားပြောရပေဦးမည်။ ကျွန်တော် မူလတန်းကျောင်းသားဘဝက လင်းတတွေကို ကျောင်းအနောက်ဘက်၊ တောင် သာဘူတာ ဘေးက သင်္ချိုင်း ဘေးကဖြတ်သွားရင်း သစ်ပင်ပေါ်တွင် နားနေကြတာ၊ ဇရပ်ဘေးက နာနတ်ရိုင်းပင်ဘေးမှာ ခုံဆွ၊ခုံဆွသွားနေ တာတွေကို မြင်ခဲ့ဘူးသည်။ အများကြီး မဟုတ်၊ ၁၀ ကောင်ခန့် လောက်သာရှိလိမ့်မည်ဖြစ်သည်။ တောင်သာ နယ်ဘက်မှာ လင်းတတွေပျံဝဲနေသည်ကို လူတိုင်းမြင်ဘူး ကြသည်။ လွန်ခဲ့သောနောင်နှစ်ပေါင်း ၅၀ နောက် ပိုင်း အလယ်ပိုင်းဒေသတွင်သူတို့ကိုမမြင်ရတော့။ ဝါစိုက် ခင်းတွေမှာဖျန်းသည့် ပိုးသတ်ဆေးကြောင့် သူတို့ ရှား ပါးကုန်တယ်ဟုထင်ကြေးပေးသူတွေပေးကြသည်။ လူ သေသော် မီးသဂြိုလ်သည့် ဓလေ့များပိုမိုကျယ် ပျံ့လာ ခြင်း၊ကျွဲနွား တိရစ္ဆာန်တွေသေဆုံးခဲ့သော် စနစ်တကျ မြေမြှုပ်ခြင်း၊ တိရစ္ဆာန်အသေကိုချက်ပြုတ်စားသောက် ပစ် ခြင်းတို့ကလည်း လင်းတများအတွက် အစာရှား ပါး လာခြင်းတို့ ကြောင့်လည်းဖြစ်မည်ဟုလည်းယူဆမိသည်။

လတ်တလောအခြေအနေအရရှမ်းပြည်၊ ကွန်ဟိန်းနှင့် ကျိုင်းတုံနယ်မြေကြား တွင်ကျင်လည်ကျက်စား နေသည့် လဒများအတွက် တိရစ္ဆာန်သေသော်သေသည့်နေရာတွင်ပင်ထားလိုက်ခြင်း၊ လူတို့ကျွဲ၊နွားအသေသား ကို မစားသောက်ခြင်းကြောင့် သူတို့အတွက် ရိက္ခာမပြတ်ရှိနေသည့်ဖြစ်စဉ်တရပ်ရှိနေသည်က အသက် ရှင်ရပ် တည်ဘို့အဓိကအချက်ဖြစ်နေပြီ။ မိုးဦးကျ ခွာနာ၊ လျှာနာကြောင့် သေဆုံးသွားသော ကျွဲသေ၊နွားသေ အပုတ် များကို သူတို့စားသုံးခြင်းဖြင့် သူတို့မှာရောဂါမကူးစက်သလော။ ကူးစက်သော်လည်း ရောဂါမဖြစ်နိုင်လောက် အောင်ပင်ကိုယ်ခံနိုင်ရည်ရှိနေသလောဆိုတာကို ကျွန်တော်စဉ်းစားနေမိသည်။ကြံ့၏ မစင်ကိုစားသော ကြံ့ချေး စားလိပ်လို့ အမည်ရှိသည့် ရခိုင်တောင်လိပ်လို၊ မျောက်ချေးခါးစားသောသူတွေလိုဖြစ်မည်ထင်သည်။ ကျွန် တော်တို့နိုင်ငံတွင် လင်းတသတ်စားမည့်သူ တစ်ဦးတစ်ယောက်မှ မရှိနိုင်သဖြင့် လူ့ပရောဂကြောင့်ပျောက်ကွယ် စရာမရှိနိုင်တာသေချာသည်။ အဆိပ်သင့်ထားသည့် သားကောင်များသူတို့စားမိခြင်းနှင့်တရုတ်ဈေးကွက်မှ မ တောင်းဆိုသရွေ့လျှင်လျှင်မြန်မြန်မျိုးသုဉ်းဘွယ်မရှိနိုင်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် ကျွန်တော်တို့ကို ဒုက္ခမပေးသည့်အပြင် အမှိုက်ရှင်းပေးသူများအဖြစ်နှင့်လေထုညစ်ငြမ်း မှုအန္တရာယ်ကိုဖြေရှင်း ပေးနိုင်သူ များ ဟုပြောရမည်ပင်။ အခြားသတ္တဝါစားမကုန်၍ စားကြွင်းစာကျန်ကိုစားရသောသတ္တဝါတွေဟုယေဘူယျအားဖြင့် ကျနော်တို့သိထားကြသည်။ သူတို့ကိုယ်တိုင်ပင် သားကောင်ကိုဖမ်းစားနိုင်သော အရည်အချင်းနည်းသလော ဆိုတာကိုလည်း တွေးမိသည်။

အင်းလေ…သူတိုလည်း ဘဝတူတွေပါဘဲလို့တွေးမိသည်။ အဘယ့်ကြောင့်ဆိုသော်ကျွန်တော်ဆိုသည် မှာ အပုတ်ခံထားသော ငပိ၊ ငပိရည်ကျို၊ ငံပြာရည် စားနေသည့် ဘဝတူသတ္တဝါတွေဆိုသည်ကို နောက်ဆုံး တွေးမိပါတော့သည်။

ကို ငြ မ်း ( တောင်သာ)

By | 2018-01-02T14:31:14+00:00 January 2nd, 2018|Wildlife, Uncategorized, WCS Myanmar|0 Comments

About the Author:

Leave a Reply