ရိုးမထဲက ဆင်ဘေးမဲ့တော

ကျိန္တလီချောင်းနံဘေးက ဘေးမဲ့တော၏ ကင်းစခန်းသို့ စက်လှေဆိုက်ကပ်ချိန်တွင်ပင် တော၊တောင်တို့၏ ရနံ့ သစ်များကို ရှုရှိုက်နေရပြီ။ ခပ်လှမ်းလှမ်းဆီမှ တဲသုံး၊ လေး လုံးဖြင့် စခန်းကို ချောင်းကမ်းစပ်က မြင် နေ ရ သည်။ ဘေးပတ်လည်မှာတော့ တောတွေ၊ တောင်တွေက စိမ့်ညို၍ ၀န်းရံထားလျက်။ ဂွမြို့မှ ရတနာမြိုင်ကျေး ရွာသို့ ကားဖြင့် ၃၃မိုင်။ ယင်းကျေးရွာမှ သည်ကင်းစခန်းသို့ ချောင်းရိုးတစ်လျှောက် စက်လှေဖြင့် ၁၃မိုင် စီးရပြီး လျှင် ကျွန်တော်တို့ စခန်းချမည့် ဘေးမဲ့တောအစပ်ကို ရောက်ပါပြီ။

https://www.facebook.com/TheMirrorDaily/posts/1585411858218362

ဤနေရာကား အနီးဆုံး ကျေးရွာနှင့်ပင် ၁၀ မိုင်ကျော်ကျော် ကွာဝေးသည်။ ကင်းစခန်းက ဘေးမဲ့တောကြီး၏ နယ်နိမိ တ်အစတွင် တည်ဆောက်ထားသည်။ ကင်းစခန်းနာမည်မှာ ကြိမ်ခါးခုံကင်းစခန်းဖြစ်ပြီး ရခိုင်ရိုးမဆင်ဘေးမဲ့ တောကြီး၏ ကင်းစခန်း သုံးခု အနက် တစ်ခုပါ။ ရခိုင်ရိုးမဆင်ဘေးမဲ့တောကို လွယ်လွယ်ကူကူ အ၀င်နိုင်ဆုံး ဖြစ်သည့် ကျိန္တလီချောင်း နံဘေးမှာ ဆောက်လုပ်ထားသည်။

ဘေးမဲ့တော တောင်ဘက်ခြမ်း တစ်ခုလုံးကို သည်ချောင်းရိုးက စီးဆင်းနေသည့်အတွက် ချောင်းရိုးကို ထိန်း သိမ်းနိုင်ပါက တောင်ဘက်ခြမ်းကို ခြိမ်းခြောက်လာမည့် အန္တရာယ်တွေကို ကာကွယ်နိုင်သောကြောင့် အရေးကြီးသော ကင်းစခန်းအဖြစ် တွေ့မြင်ရသည်။ သည်လိုအရေးကြီးသော အခြားကင်းစခန်းနှစ်ခုမှာ ဘိုကလေး ကင်းစခန်းနှင့် ကျားချောင်း ကင်းစခန်းဖြစ်ပါသည်။

ဤကင်းစခန်းသုံးခုမှတစ်ဆင့် ထိုဆင်ဘေးမဲ့ တောတွင် အဓိက ကျက်စားသော တောဆင်ရိုင်းများအပါအ၀င် အခြားသောသားငှက်တိရစ္ဆာန်များ ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်နေသည်။ ဤဘေးမဲ့တောသည် မြန်မာနိုင်ငံ တွင် တောဆင်ရိုင်းများ ထိန်းသိမ်းရာ ပထမဦးဆုံး သဘာဝနယ်မြေတစ်ခုဖြစ်သည် ဟု ရခိုင်ရိုးမဆင်ဘေး မဲ့တော အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းက ပြောသည်။

“ပြည်သူတွေကို သိစေချင်တာက ဒီဘေးမဲ့တောဟာ ဆင်တွေအတွက် တကယ့်ကို အရေးကြီးတယ်၊ မြန်မာ့တောဆင်ရိုင်းတွေကို ဒီလိုသာ မထိန်းသိမ်းနိုင်ရင် မြန်မာမြေပေါ်မှာ မျိုးသုဉ်းပြီး၊ ရှိမှာ မဟုတ်တော့ဘူး။ တခြားသော ရှားပါးသားငှက်တိရစ္ဆာန်တွေအတွက်လည်း ဒီဘေးမဲ့တောဟာ အရေးကြီးတယ်ဆိုတာကိုလည်း သိစေချ င်တာဘဲ” ဟု သူက ဆိုသည်။

ဤဘေးမဲ့တောတွင် ရှားပါးမြန်မာ့တောဆင်ရိုင်း၊ အင်းကျား၊ ပြောင် အပါအ၀င် နို့တိုက်သတ္တ၀ါ (၄၀) မျိုး၊ ကုန်းနေရေနေနှင့် တွားသွားသတ္တ၀ါ (၆၃)မျိုး၊ လိပ်ပြာ (၂၆)မျိုး၊ ရေချိုငါး (၂၈) မျိုးနှင့် အင်းဆက် (၁၂) မျိုး ကျက်စားလျက်ရှိသည်။ သဘာဝ ပေါက်ပင်များအဖြစ် ပျဉ်းကတိုး၊ ပျဉ်းမ၊ ကသျှစ် အပါအ၀င် သစ်မျိုး (၇၆) မျိုး၊ သစ်ခွ (၁၁)မျိုး၊ ၀ါး (၉) မျိုး၊ ကြိမ် (၄) မျိုးနှင့် ပရဆေးပင် (၄၇) မျိုး ပေါက်ရောက်ကြောင်းလည်း မှတ်တမ်းများ တွင် ဖော်ပြထားသည်။

ရခိုင်ရိုးမဆင်ဘေးမဲ့တောသည် အမြဲစိမ်းတောဂေဟစနစ်ဖြစ်ပြီး ခရင်ဝါးတောကြီးများသည် ဧရိယာ၏ (၇၀) ရာခိုင်နှုန်းခန့်ကို ဖုံးလွှမ်းထားသည်။ ဘေးမဲ့တော၏ အရှေ့ဘက်တွင် ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ မြို့နယ်တို့ ဆက်စပ်ရှိနေပြီး တောင်ဘက်တွင် ဂွမြို့နယ်နှင့် မြောက်ဖက်တွင် သံတွဲမြို့နယ်ရှိသည်။ ဘေးမဲ့တောကို ၁၉၉၇ ခုနှစ်တွင် တောဆင်ရိုင်းများ ထိန်းသိမ်းရာ သဘာဝနယ်မြေတစ်ခုအဖြစ် စတင်သတ် မှတ်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် အတည် ပြုပြဌာန်းခဲ့သည်။ ဘေးမဲ့တောသည် ဧရိယာအားဖြင့် ဧက လေးသိန်း သုံးသောင်းကျော် ကျယ်ဝန်းသည်။

ကျွန်တော်တို့အဖွဲ့ ကြိမ်ခါးခုံကင်းစခန်းတွင် ရှိနေစဉ် တစ်နေ့ကျိန္တလီချောင်းရိုးတစ်လျှော က် ဘေးမဲ့တောအတွင်းသို့သုတေသနပြုရေးအတွက် ၈မိုင် ခန့် သွားခဲ့ကြသည်။ကျွန်တော်တို့အဖွဲ့၏ စက်လှေ ၃ စီးမှာ ရေစီးကြမ်းသော၊ ရေတိမ်သော ချောင်းရိုးနေရာများတွင် ဆင်း၍ လမ်းလျှောက်ရသည်။ လမ်းတစ်လျှောက်မှ ကျားအော်ချောင်း၊ ကြက်လွှတ်ချောင်း၊ လိပ်ရုပ်ချောင်း၊ ရေကြမ်းကြီးချောင်း၊ ဖိုးပုံချောင်း စသည့် ချောင်းလက်တက်များကို ဖြတ်သန်းလာခဲ့ရပြီး ယင်းတို့တွင် ဤသို့ နာမည်တွင်လာကြသည့် ရာဇ၀င်များလည်း အသီးအသီးရှိကြသည်။

ရခိုင်ရိုမဆင်ဘေးမဲ့တော၏ တည်ရှိပုံက တောတွေ မြင့်သည်။ တောင်တွေ မတ်စောက်သည်။ ချောင်းရိုးမြောင်းရိုးထူထပ်သည်။ ချောင်းရိုးတစ်လျှောက်မှာလည်း ကျောက်တုံး၊ ကျောက်ဆိုင်ကြီးများဖြင့် ကြမ်းသည်။ သဲကြမ်းသည်။ သွားရေးလာရေး ခက်ခဲ့သော ဘေးမဲ့တော ကြီးတစ်ခုအဖြစ် တွေ့မြင်ရသည်။ ဘေးမဲ့တော၏ အတွင်းပိုင်းကို သွားမည်ဆိုလျှင် ဤချောင်းရိုးမြောင်းရိုးများကိုသာ အသုံးပြုရသည်။

သည်ဘေးမဲ့တောတွင် တောဆင်ရိုင်းထိန်းသိမ်းရေးဆောင်ရွက်နေသော ဦးစောထူးသာဖိုးက တောမြင့်များနှင့် ဝါးတောများကို လက်ညိုးထိုးကာ ဤဘေးမဲ့တောသည် သဘာဝ၊ ပထ၀ီဝင် အနေအထား ကိုက ဆင်တွေ လုံးဝ ကျက်စားသော ဒေသ၊ ဆင်တွေအတွက် အထိအခိုက်လည်း အလွန်လျော့နည်း သော ဒေသ၊ ဘေးမဲ့တော တည်ထောင်စဉ်ကတည်းက ဆင်ကို ထိန်းသိမ်းဖို့ဦးတည်ချက်ထားပြီး တည်ထောင်ခဲ့သော ဒေသ၊ သစ်တောခုတ်ထွင်မှု လည်း မရှိသေးသည့် ဒေသ၊ ဂေဟစနစ်များ ထူးခြားစွာ ပြောင်းလဲပျက်စီးမှု မရှိသေးသော ဒေသ အဖြစ် ရှင်း ပြသည်။

ဦးစောထူးသာဖိုးသည် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)တွင် အကြီးတန်း ညှိနှိုင်း ရေးမှူးအဖြစ် ဤဘေးမဲ့တောတွင် တောဆင်ရိုင်းကာကွယ်ထိန်းသိမ်းရေးနှင့်သုတေသနလုပ်ငန်းများကို ကူညီဆောင်ရွက်နေသူဖြစ်သည်။

ဆယ့်ငါးဦးခန့်ရှိသော ကျွန်တော်တို့အဖွဲ့သည် သွားလမ်းတစ်လျှောက်တွင် တွေ့ရှိရသော သားငှက် တိရစ္ဆာန်များနှင့် ယင်းတို့၏ ခြေရာများ၊ မစင်များကို မှတ်တမ်းယူသူ၊ ယူ၍ သုတေသနပြုလုပ်သူက ပြုလုပ်၍ သွားကြသည်။

ရခိုင်ရိုးမဆင်ဘေးမဲ့တောတွင် တောဆင်ရိုင်း အကောင်ရေ ၁၀၀ ခန့် ပျံ့နှံ့ကျက်စားကြသည်ဟု တာဝန်ရှိသူများက ခန့်မှန်းသည်။ ယင်းအချက်အလက်များသည် သိပ္ပံနည်းကျကောက်ယူထားသော စာရင်းမဟုတ်ပေ။ ယခုအချိန်ထိ သိပ္ပံနည်းကျ မကောက်ယူနိုင်သေးပေ။ ဦးစောထူးသာဖိုးကတော့ သိပ္ပံနည်း ကျစာရင်း ကောက်ယူရေးကို ယခုလို ရှင်းပြသည်။

ဘေးမဲ့တောတွင် တောဆင်ရိုင်းများ မည်သည့်နေရာများတွင် ကျက်စားသည်ကို သိရှိနိုင်ဖို့ လာမည့် နှစ်တွေအတွင်း ဆောင်ရွက်နိုင်ရန် ကြိုးစားနေသည်ဟု သူက ပြောသည်။ ပထမအဆင့် ဆင်ပျံ့နှံကျက်စား သော နေရာများအားလုံးကို သိပြီးလျှင် ဆင်ကောင်ရေ ဘယ်လောက်ရှိသည်ကို ဆက်လက် သုတေသနပြု လုပ်ရမည်ဖြစ်သည်။ ဧက ၄သိန်းကျော်ရှိသော ဤဘေးမဲ့တောတွင် အဖွဲ့ငယ်တွေ များစွာဖြင့် တစ်ပြိုက်နက် သုတေသနပြုရမည်။ ၁၄ ရက်အတွင်း ဧရိယာတစ်ခုလုံးကို စာရင်းကောက်ရမည်ဖြစ်ပြီး ထိုကဲ့သို့ သုတေသနကို သုံးလအတွင်း ငါးကြိမ် ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။

“ဒီလေ့လာမယ့် ဆင်စာရင်းကောက်တဲ့ လုပ်ငန်းက ဆင်ရဲ့ မစင်ကနေ မျိုးရိုဗီဇ ခွဲခြားတဲ့ နည်းလမ်း (DNA Analysis) နဲ့ တစ်ကောင်ချင်းကို ဖော်ထုတ်ပြီးတော့ ခန့်မှန်းတွက်ချက်နိုင်တဲ့ နည်းစနစ်ဖြစ်ပါတယ်။ ဆင်မစင်တွေကို ပြည်ပကို ပို့ပြီးတော့ ခွဲခြားရမယ်။ ကုန်ကျစရိတ်ကလည်း အလွန်များပါတယ်။ ယခုလက်ရှိအခြေအနေအရ ကာကွယ်ထိန်းသိမ်းရေးကိုဦးစားပေးဆောင်ရွက်နေရလို့ လာမယ့် ၄-၅-၁၀ နှစ်အတွင်းမှာ လုပ်နိုင်ဖို့ ရည်မှန်းထားပါတယ်” ဟု ဦးစောထူးသာဖိုးက ပြောသည်။

ထို့အပြင် ရခိုင်ရိုးမဆင်ဘေးမဲ့တောတွင် ကျက်စားနေကြသော ဆင်၊ ပြောင် အပါအ၀င် ရှားပါးသား ငှက်တိရစ္ဆာန်များမှာ ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့လာနေရပြီဟု ဘေးမဲ့တောအုပ်ချုပ်ရေးမှူး ဦးစန်းဝင်း ကပြောသည်။ ဤဘေးမဲ့တောနှင့် ဆက်စပ်နေသော အထူးသဖြင့် ဂွချောင်းကြိုးပြင်ကာ ကွယ် တောနှင့် တောင်ညိုကြိုးပြင် ကာကွယ်တောများတွင် တောဆင်ရိုင်းသတ်ဖြတ်ခံရမှုများ ကြုံတွေ့နေရသည်ဟု သူက ဆိုသည်။

ဤဘေးမဲ့တောမှာလည်း အရှေ့ဘက်ခြမ်းနှင့် ဆက်စပ်နေသော ဧရာဝတီတိုင်းဒေသကြီးရှိ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ မြို့နယ်တို့က မုဆိုးများ ကျူးကျော်ဝင်ရောက်၍ တောဆင်ရိုင်းအပါအ၀င် အခြားသားငှက်များကို အမဲလိုက်ခြင်းများ၊ အဆိပ်ချ ငါးဖမ်းခြင်းများ ပြုလုပ်ကြသည့် အထောက်အထားများ တွေ့နေရပြီ “အဓိက ရင်ဆိုင်နေရတဲ့ပြသနာက အမဲလိုက်တာ”ဟု ဦးစန်းဝင်းက ပြောသည်။
ရခိုင်ရိုးမဆင်ဘေးမဲ့တောတွင် တရားဝင် ဖွဲ့စည်းပုံ ၀န်ထမ်းအင်အားမှာ ၈၁ ဦးဖြစ်သော်လည်း လက်ရှိ တွင် ၀န်ထမ်းအင်အား ၂၅ ဦးခန့်သာ ရှိသည်။ သို့သော် ကင်းလှည့်ဝန်ထမ်းမှာ ၁၅ ဦး ခန့်သာ ဖြစ်သည်။ ၀န်ထမ်းအင်အား အလွန်နည်းပြီး မနိုင်မနင်း ဖြစ်ရသည်များလည်း ရှိကြောင်း ဦးစန်းဝင်း က ဆိုသည်။

သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံအစီအစဉ်)၏ထောက်ပံ့မှုဖြင့် ဒေသတွင်းရှိကျေးရွာများမှ ဒေသခံကင်းသား ၁၁ ဦးကို ရွေးချယ်ခန့်ထား၍ ဝန်ထမ်းတို့နှင့် အတူပူးပေါင်းကာ ကင်းလှည့်ထိန်းသိမ်းခြင်း များကို ဆောင်ရွက်လျက်ရှိသည်။ ဤဘေးမဲ့တောတွင် တောဆင်ရိုင်းများကို သစ်တောဦးစီးဌာနနှင့် ပူးပေါင်း၍ သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံအစီအစဉ်)က ထိန်းသိမ်းရေး ဆောင်ရွက်လျက်ရှိသည်။ ဤသို့ဖြင့် ကင်းလှည့်ဝန်ထမ်း (Rangers- ရိန်ဂျားများ)များ စုစုပေါင်း ၂၅ ဦးခန့်ရှိသော်လည်း ဘေးမဲ့တောဧ၇ိယာ တစ်ခုလုံးကို ကင်းလှည့်ရန် အဖွဲ့ သုံးဖွဲ့၊ ဖွဲ့စည်းလိုက်သောအခါ တစ်ဖွဲ့လျှင် ၇ဦး-၈ ဦး ခန့်ဖြင့်သာ တစ်လလျှင် ရက် ၂၀ ခန့် ကင်းလှည့်ကြရ သည်ဟု ရိန်ဂျားများက ပြောသည်။

သို့အတွက် တောထဲတွင် မုဆိုးများဖြင့် ရင်ဆိုင်ရသောအခါ မုဆိုးများမှာ ၁၈ ယောက် – အယောက် ၂၀ အင်အားရှိပြီး အမဲလိုက်ခွေးအုပ်များ၊လှံများ၊ သေနတ်များလည်း ပါလာသည့်အတွက် အန္တရာယ် များသောကြောင့် နောက်ဆုတ်ရသည်များလည်း ရှိကြောင်း ရိန်းဂျားများက ပြောသည်။

သာဓကအားဖြင့် ဘေးမဲ့တောတွင် ထိန်းသိမ်းရေးဝန်ထမ်းများ ကင်းလှည့်ရာ မုဆိုးများ၏ ကြပ်စင်များ၊ တဲများ ၊ တူးမီးသေနတ်များကို သိမ်းဆည်းရမိသည်များလည်း ရှိသည်။ မုဆိုးများနှင့် ထိန်းသိမ်းရေးအဖွဲ့များ ထိပ်တိုက်ရင်ဆိုင် ရမှုများလည်း ရှိသည်။ ဘေးမဲ့တော၏ ပတ်ဝန်းကျင်ရွာ အချို့တွင် ပြောင်သား ရောင်းချနေသည်ကို လည်း တွေ့ရပြီး ယင်းတို့သည် မုဆိုးများ အမဲလိုက်သော အထောက်အထားများ ဖြစ်သည်ဟု ဘေးမဲ့တောဝန်ထမ်းများက ဆိုသည်။

ဤသို့ အခြေအနေများကိုဖြေရှင်းရန် ၀န်ထမ်းအင်အား တိုးမြှင့် ခန့်ထားခြင်း၊ ထိန်းသိမ်းရေးကင်းစခန်း များ တိုးချဲ့ဆောက်လုပ်ခြင်း၊ ဒေသခံများကို ပညာပေးခြင်း၊ ကင်းလှည့်ထိန်းသိမ်းရေးကို ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ တိုးမြင့်ဆောင်ရွက်ရမည်ဖြစ်ပြီး ထိရောက်သော အရေးယူဆောင်ရွက်မှုများ လိုအပ်သည်ဟု ဘေးမဲ့တော ထိန်းသိမ်းရေးသမားများက ပြောသည်။ ကင်းလှည့်ဝန်ထမ်းများကို လက်နက်တပ်ဆင်ပေး၇န်လည်း လိုအပ်သည် ဟုလည်း ဆိုကြသည်။
ရခိုင်ရိုးမဆင်ဘေးမဲ့တောရှိ တောဆင်ရိုင်းများ ခြိမ်းခြောက်ခံ နေရသကဲ့သို့ မြန်မာနို င်ငံအ နှံ့အပြားရှိ တောဆင်ရိုင်းများသည်လည်း တစ်ပတ်လျှင် တစ်ကောင်နှုန်းသတ်ဖြတ်ခံနေရသည်ဟု မြန်မာ့တောဆင်ရိုင်း ထိန်းသိမ်းရေးသမားများက ပြောသည်။ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ်အတွင်း တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုနှင့် သေဆုံးမှုမှာ ၁၄၀ ကျော်ရှိသည် ဟု သစ်တောဦးစီးဌာနက ထုတ်ပြန်ထားသည်။

ရခိုင်ရိုးမဘေးမဲ့တောသည် ခြိမ်းခြောက်မှုများ ရင်ဆိုင်နေရသော်လည်း ရေရှည်တည်တံ့ရန် ထိန်းသိမ်း ထားနိုင်ပါက သဘာဝအခြေပြုခရီးသွားလုပ်ငန်းများ ဖော်ဆောင်ဖို့ လွန်စွာကောင်းမွန်သည်။ တော၊ တောင်ထဲ သဘာဝလေ့လာရေး ခရီးသွားနိုင်မည်။ သားငှက်မျိုးစုံကို လေ့လာနိုင်မည်။ တောဆင်ရိုင်းများကို လေ့လာနိုင် မည်။ ဇီဝမျိုးစုံမျိုးကွဲ မျိုးစိတ်များကို လေ့လာနိုင်မည်။ ဒေသခံတွေ အတွက် အလုပ်အကိုင်၊ အခွင့်အလမ်း များ ပေါ်ပေါက်လာလိမ်မည့်ဟု ဘေးမဲ့တောအုပ်ချုပ်ရေးမှူးဦးစန်းဝင်း က ပြောသည်။

သည်ဘေးမဲ့တောထဲ ဆင်သုတေသလုပ်နေသည့် ဦးစောထူးသာဖိုးက “ဒီဘေးမဲ့တောဟာ ဆင်တွေ အတွက် အလွန်ကောင်းတဲ့ နေရင်းဒေသတစ်ခုဖြစ်တဲ့အတွက် ဒီနေရာကို အရေးတကြီးထိန်းသိမ်းဖို့ လိုအပ်နေပါတယ်” ဟု ဆိုသည်။

https://issuu.com/myanmarnewspaper/docs/km_6.2.18
http://www.moi.gov.mm/npe/km/

(ကြေးမုံတွင် ပါရှိသော ဆောင်းပါးကို ကူးယူဖော်ပြပါသည်)

By | 2018-03-28T15:10:39+00:00 March 28th, 2018|Uncategorized|0 Comments

About the Author:

Leave a Reply